မြေလတ်အသံ၊ ဧပြီ ၁၊ ၂၀၂၆။
ဆီနီဂေါသမ္မတ Bassirou Diomaye Faye က လိင်တူနှစ်သက်မှုအတွက် အမြင့်ဆုံးထောင်ဒဏ်ကို ၁၀ နှစ်အထိ ၂ ဆတိုးမြှင့်လိုက်ပြီး လိင်တူချစ်သူဖြစ်မှုကို မြှင့်တင်အားပေးတဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါဥပဒေကြမ်းကို လွှတ်တော်အမတ်တွေက မတ်လအစောပိုင်းမှာ တခဲနက်ထောက်ခံမဲပေးခဲ့ကြပေမယ့် သမ္မတ ဘာစီရူး ဒီယိုမေး ဖေး (Bassirou Diomaye Faye) အနေနဲ့ ၎င်းဥပဒေကို လက်မှတ်မထိုးဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားပေးမှုကို ခံခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) က အဆိုပါ ဥပဒေကြမ်းဟာ “လူသားအားလုံး ခံစားပိုင်ခွင့်ရှိပြီး အလေးအမြတ်ထားအပ်တဲ့လူ့အခွင့်အရေးများဖြစ်တဲ့ လေးစားမှု၊ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်တွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေတာဖြစ်တယ်” လို့ မတ်လ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ပိုမိုတင်းကျပ်တဲ့ လိင်တူချစ်သူဆန့်ကျင်ရေးဥပဒေကို ပြဋ္ဌာန်းမယ်လို့ ကတိပြုခဲ့ကြတဲ့ သမ္မတ Faye နှင့် ဝန်ကြီးချုပ် အူစမန်း ဆွန်ကို (Ousmane Sonko) တို့က ပြီးခဲ့တဲ့သောကြာနေ့မှာ အဆိုပါဥပဒေကြမ်းကို အတည်ပြုခဲ့တာဖြစ်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဆီနီဂေါနိုင်ငံရဲ့ ရာဇသတ်ကြီးမှာ “သဘာဝနဲ့ဆန့်ကျင်သောလုပ်ရပ်များ” အတွက် ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ၁.၅ သန်း CFA francs (အာဖရိကတိုက်သုံး ဘုံငွေကြေးစနစ်) (ဒေါ်လာ ၂,၇၀၀ ခန့်) အထိ ချမှတ်နိုင်တဲ့ ပုဒ်မတခု ရှိနှင့်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဥပဒေမူကွဲသစ်မှာတော့ အမြင့်ဆုံးထောင်ဒဏ်ကို ၂ ဆတိုးမြှင့်လိုက်ကာ ဒဏ်ငွေကိုလည်း ၁၀ သန်း CFA francs အထိ ချမှတ်နိုင်မှာဖြစ်ပြီး “သဘာဝနှင့်ဆန့်ကျင်သော လုပ်ရပ်များ” ဆိုတာဟာ လိင်တူချစ်သူဖြစ်ခြင်း၊ လိင် ၂ မျိုးစလုံး စိတ်ဝင်စားခြင်း၊ လိင်ပြောင်းလဲခြင်း၊ တိရစ္ဆာန်နဲ့ကာမဆက်ဆံခြင်း၊ အလောင်းနဲ့ ကာမဆက်ဆံခြင်းတွေကို ဆိုလိုခြင်းဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။
အဆိုပါလုပ်ရပ်တွေကို မြှင့်တင်အားပေးတာ သို့မဟုတ် ငွေကြေးထောက်ပံ့တာတွေ ပြုလုပ်သူတွေအနေနဲ့လည်း အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။
Source ; Reuters