ခန့်အောင်၊ စောကျော်ငြိမ်း
မန္တလေး၊ ဇွန် ၇၊ ၂၀၂၃။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ မလှိုင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မြင်းခြံမြို့နယ်၊ တလုပ်မြို့ကနေ ဆိုင်ကယ် ၃ စီးနဲ့ပြန်လာတဲ့ စစ်သား ၆ ဦးကို ဆင်းဂွတ်ရွာနဲ့ တောပုရွာကြားမှာ ဇွန်လ ၆ ရက် မနေ့ကမနက် ၉ နာရီခွဲလောက်မှာ ပဒေသာမိုင်း ၆ လုံးတွဲနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်သားတွေက ကတောရွာကနေ လတလုပ်မြို့ဘက်ကိုပြန်လာတာ တစီးနဲ့တစီးက သိပ်မကွာဘဲ မိုင်ကွင်းထဲဝင်လာတာမှာဆွဲလိုက်တာ တစီးကလမ်းဘေးထိုးကျပြီးလဲသွားတယ် ၂ စီးကတော့ထိတယ်မလဲဘူး ” လို့ မြင်းခြံခရိုင်တပ်ရင်း -၆ နောင်ရိုးအထူးပြောက်ကျားတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
သေဆုံးဒဏ်သူတွေကို Light Truck ကားနဲ့ တလုပ်မြို့ကို သယ်ဆောင်သွားတယ် လို့သိရပြီး နောင်ရိုးပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ စစ်သား ၃ ဦးသေပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြိုနယ်၊ သရက်ကောင်းပင်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့စစ်ကောင်စီစခန်းကို ဇွန်လ ၅ ရက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး PDF အဖွဲ့ထံက သိရပါတယ်။
“အဲ့ရွာမှာရှိတဲ့ အုပ်ကြီးနဲ့စစ်သားတွေက ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ ဆက်ကြေးကောက်တာတွေလုပ်နေလို့တိုက်တာပါ။ နေ့လည်ပိုင်းက ထမင်းစားဆောင်ကိုတိုက်တော့ ၅ ယောက်သေတယ်။ ညနေပိုင်းမှာ စစ်ဆေးရေးဂိတ်ကို ထပ်တိုက်တယ်။ စစ်သား ၃ ယောက်သေတယ်” လို့ (NPDF)တာဝန်ခံ ဗိုလ်လင်းယုန်က မြေလတ်အသံကို ပြောပါတယ်။
ယင်းနေ့လည် ၁ နာရီမှာ စစ်ကောင်စီတပ်ရဲ့ ထမင်းစားဆောင်ကို အီနာဂါဗုံး ၂ လုံးနဲ့ကြဲချခဲ့ပြီး၊ ညနေ ၄ နာရီလောက်မှာ မလှိုင်-နွားထိုးကြီးလမ်းပေါ်က စစ်ဆေးရေးဂိတ်ကို ဗုံးတလုံးနဲ့ တရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီလို မြင်းခြံမြို့နယ်ထဲက တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၆ တပ်ခွဲ ၁ နောင်ရိုးအထူးပြောက်ကျားတပ် – NYSGF၊ မြင်းခြံခရိုင် Taloke PDF၊ Myingyan MP 9 ၊ MS 9 Brother တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာ၊ စစ်ကောင်စီစခန်း တိုက်ခိုက်မှုကိုတော့ Myingyan District Drone Strike Team အဖွဲ့နဲ့ မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း၊ Natogyi People Defence Force(NPDF) တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်း သေဆုံးဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ စာရင်းအတိအကျကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
စာတည်း – 007













