စလင်း၊ ဩဂုတ် ၁၁၊ ၂၀၂၆။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ဘိုနဲ့ ဇီးဖြူပင်ကျေးရွာတွေထဲက ပြည်သူတွေရဲ့ နေအိမ်အပေါ် ဗုံးကြဲလို့ အမျိုးသမီးကြီး ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရတယ်လို့ စလင်းမြို့နယ် ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီကျော်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစီးက တောင်ဘိုကျေးရွာကို ၃ လုံး၊ ဇီးဖြူပင်ကျေးရွာကို တလုံးကြဲချသွားတယ်လို့ဆိုပါတယ်။
“ပြည်သူနေအိမ်ပေါ် ကျတာ။ ပြည်သူထိခိုက်သေဆုံး ရှိတယ်။ တိုက်ပွဲမရှိဘူး။ ဇီးဖြူပင်မှာက နေအိမ်ပေါ်ကျပေမယ့်ပြည်သူ ထိခိုက်မရှိဘူး။ အဆောက်အဦးတွေပျက်စီးတယ်။ ပြည်သူတွေမှာက တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့လာကြဲတာဆိုတော့ အကြောက်တရား ရှိသွားပြီး”လို့ စလင်းပကဖတာဝန်ရှိသူက ပြောပါတယ်။


ဗုံးထိမှန်တာကြောင့်တောင်ဘိုကျေးရွာက အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီး ၂ ဦး နေရာမှာပင်သေဆုံးသွားပြီး အသက် ၆၀ ကနေ ၇၀ကြား အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးဒဏ်ရာရ သွားပါတယ်။
ဒါ့အပြင် နွားနှစ်ကောင်သေဆုံးပြီး တောင်ဘိုရွာက နေအိမ် ၈ လုံး၊ ဇီးဖြူပင်ရွာကနေအိမ် ၃ လုံးပျက်စီးကာ၊ ကျေးရွာ ၂ ကပြည်သူအများစုဟာ ရွာကနေ တိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကလည်း စလင်းမြို့နယ်၊ ခြင်ထောင်ကျေးရွာမှာ မင်းဘူးခရိုင်တပ်ရင်း ၅ ရဲ့ရှေကင်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

