မြေလတ်အသံ၊ ဇွန် ၁၃၊ ၂၀၂၆။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) – MDY PDF ရဲ့ ဌာနကြီးမှူးဟောင်း ၂ ဦးအပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာမှာ ရွှေ ၁၆.၆ ပိဿာကျော်အပါ အလွဲသုံးမှုအများအပြားပေါ်ပေါက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၃ ရက် ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရသူတွေဟာ MDY PDF စစ်ရေးဌာနကြီးမှူး မုန်တိုင်းနဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး နိုင်ကြီး တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးဟာ တပ်ဖွဲ့ပိုင်ဘဏ္ဍာငွေကြေးနဲ့ ရွှေတွေ ထုတ်ယူမှုရှိနေကြောင်း သတင်းရရှိတာကြောင့် ၂၀၂၅ မေလတွင် တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ကို ဖွဲ့စည်းကာ စာရင်းစစ်ဆေးခဲ့ကြောင်း၊ စာရင်းစစ် ရလဒ်များအရ တပ်ဖွဲ့ပိုင် ရွှေ ၁၆.၆ ပိဿာအား တပ်ဖွဲ့စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ကာ တရားမဝင်ထုတ်ယူမှုစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အဲ့ဒီနောက်၂၀၂၅ ဩဂုတ်လအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးမှာ ထုတ်ယူသွားတဲ့ ဘဏ္ဍာ/ပစ္စည်းတွေအတွက် အပြစ်ရှိကြောင်းနဲ့ ပစ္စည်းတွေကို တပ်ဖွဲ့ထံအမြန်ဆုံးပြန်လည်အပ်နှံမည်ဖြစ်ကြောင်း ကာယကံရှင် ၂ ဦးလုံးမှ ဝန်ခံကတိပြုခဲ့ပေမယ့် ရွှေ ၁၆.၆ ပိဿာကိုလည်း တပ်ဖွဲ့ထံ ပြန်လည်အပ်နှံခြင်းမရှိခဲ့ဘူးလို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ဆင်ရေး အရေးကြီးကာလအတွင်း ဖွဲ့စည်းပုံအသစ်အရတပ်ဖွဲ့ဦးဆောင်သူတွေရဲ့ လမ်းညွှန်ကြီးကြပ်မှုကို မနာခံတာ၊ ချမှတ်ထားတဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်များကို မလိုက်နာတာ၊ အဆင့်ဆင့်ကွပ်ကဲမှုယန္တရားကို ပုံပျက်အားနည်းစေတဲ့ အပြောအဆိုအပြုအမူတွေနဲ့ တပ်ဖွဲ့တွင်းစည်းလုံးညီ ညွတ်မှုကို ထိခိုက်စေမယ့်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တာတွေကို တွေ့ရှိခဲ့တာကြောင့် နှုတ်နဲ့သတိပေးခဲ့ပေမယ့် လိုက်နာတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အထက်ပါဖြစ်စဥ်တွေကြောင့် ၂၀၂၅ နိုဝင်ဘာလ ၁၅ ရက်မှာ စစ်ရေးနဲ့ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး ၂ ဦး ကို ဖမ်းဆီးကာ လက်ရှိတပ်တာဝန်အားလုံးမှ ရပ်ဆိုင်းတာနဲ့ လက်နက်ဖြုတ်သိမ်းပြီး အချုပ်နဲ့ ထိန်းသိမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲ့ဒီနောက် အဖွဲ့ဝင် ၅ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး အခုနှစ် ဇန်နဝါရီ ၁၁ ရက်ကနေ မေလ ၂၉ ရက်အထိ ၅ လကြာစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ကာ တိုင်ကြားသူနဲ့ တိုင်ကြားခံရသူတွေအပါ စုစုပေါင်း လူသက်သေ ၂၀ ဦးကို စုံစမ်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
၎င်းစုံစမ်းစစ်ဆေးမှုတွေအရ ဌာနကြီးမှူး ၂ ဦးအနေနဲ့ ရွှေ ၁၆ ပိဿာကျော် အလွဲသုံးခဲ့ပြီးပြန်လည်အပ်နှံမှုမရှိတာအပါအဝင် တပ်ဖွဲ့ပိုင်ဘဏ္ဍာပစ္စည်းအလွဲသုံးမှုတွေနဲ့ တပ်စည်းကမ်းဖောက်ဖျက်မှု ၈ ခုကို အဓိကတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာ ၎င်းတို့ ၂ ဦးကို စစ်ဘက်ဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း ကောင်းမွန်စွာထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။