စစ်လက်နက်ထုတ်လုပ်ရေး ဒုတိယအရာရှိချုပ်တွေနဲ့ ဌာနကြီးမှူးတချို့ အပြောင်းအလဲဖြစ်

0 15
0 15

မြေလတ်အသံ၊ ဇွန် ၈၊ ၂၀၂၆ ။

မြန်မာစစ်တပ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကကထုတ်)ရဲ့ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(ဒုထုတ်ချုပ်) ၂ ဦးနဲ့ ဌာနကြီးမှူး ဗိုလ်မှူးချုပ်တချို့ အပြောင်းအလဲတွေဖြစ်ခဲ့တယ်လို့ ကပစတပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တချို့ထံက သိရပါတယ်။

ယခင်က ဒုထုတ်ချုပ်(စစ်လက်နက်ပစ္စည်း) ဗိုလ်ချုပ် မျိုးအောင် နဲ့ ဒုထုတ်ချုပ်(အကြီးစား) ဗိုလ်ချုပ် ဌေးအောင် တို့ကို အနားပေးလိုက်ပြီး ဒုထုတ်ချုပ် (စစ်လက်နက်) နေရာမှာ ဗိုလ်ချုပ် နေမျိုးကို ၊ ဒုထုတ်ချုပ်(အကြီးစား) အဖြစ် ဗိုလ်ချုပ် ညီညီအောင် တို့နဲ့ အစားထိုးခန့်အပ်လိုက်တာလို့ ဆိုပါတယ်။

” အဓိက ကတော့ ဒုထုတ်ချုပ်(ဗိုလ်ချုပ်)တွေ၊ ဌာနကြီးမှူး(ဗိုလ်မှူးချုပ်)တွေက old service(စီနီယာ)တွေဆိုတော့ တပ်ချုပ်(ရဲဝင်းဦး)နဲ့ မတိမ်းမယိမ်းဖြစ်နေလို့ ရှင်းလင်းရေးလုပ်တဲ့သဘောပါပဲ။ အသစ်ရောက်တဲ့ ဒုထုတ်ချုပ်တယောက်(နေမျိုးကို) ကတော့ DSA ဘက်ကလာတယ်လို့ သိရတယ်” လို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ကကထုတ်ရုံးရဲ့ဌာနကြီးမှူးတချို့လည်း အပြောင်းအလဲဖြစ်ခဲ့ပြီး အမြောက်လက်နက်ဌာနကြီး(ထုတ်-၅) ဌာနကြီးမှူးအဖြစ် ဗိုလ်မှူးချုပ် ဝင်းမြင့်မောင်၊ ဒုံးလက်နက်ဌာနကြီး(ထုတ်- ၆) ဌာနကြီးမှူးအဖြစ် ဗိုလ်မှူးချုပ် ဇော်ရဲထွေး တို့ ဖြစ်လာတယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ် ဝင်းမြင့်မောင် ဟာ ယခင်က အောင်လံမြို့နယ်အခြေစိုက် ကပစ ၁၅ စက်ရုံမှူး၊ ဗိုလ်မှူးချုပ် ဇော်ရဲထွေး ကတော့ လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ ငဖဲမြို့နယ်အခြေစိုက် ကပစ ၁၄ စက်ရုံမှူး တွေကနေ ရာထူးတိုးလာခဲ့တာဖြစ်ပြီး ၂ ဦးစလုံးဟာ စစ်နည်းပညာတက္ကသိုလ်(DSTA) အပတ်စဥ် ၁ ဆင်း တွေဖြစ်ပါတယ်။

အလားတူ လက်နက်ထုတ်လုပ်ရေးကပစစက်ရုံတွေရဲ့ စက်ရုံမှူး(တပ်မှူး)နေရာအများအပြားလည်း အပြောင်းအလဲဖြစ်ခဲ့ပြီး အသေးစိတ်ကိုတော့စုံစမ်းဆဲဖြစ်ပါတယ်။

စစ်ကော်မရှင်က ပြုလုပ်တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်း ရွေးကောက်ပွဲမတိုင်ခင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်(ထုတ်ချုပ်) ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း(ယခု နေပြည်တော်ကောင်စီဥက္ကဌ) ကို အနားပေးလိုက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အနီးကပ်လူယုံ ဗိုလ်ချုပ် မိုးမြင့်ဆွေ ကို ထုတ်ချုပ်ခန့်အပ်လိုက်ပြီးနောက် အခုလို ကကထုတ်တပ်ဖွဲ့တွင်း ထိပ်ပိုင်းရာထူးတွေလည်း ထပ်မံအပြောင်းအလဲဖြစ်ခဲ့တာပါ။

ကပစစက်ရုံအများစုဟာ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ မကွေးတိုင်းနဲ့ ပဲခူးတိုင်းနယ်မြေအများအပြားမှာရှိတာဖြစ်ပြီး အထူးသဖြင့် မကွေးတိုင်းအတွင်းက ကျေးရွာတွေမှာ စစ်ကြောင်းထိုးတာနဲ့ မီးရှို့၊ သတ်ဖြတ်တာတွေကို ကပစတပ်တွေကို အခြေပြုပြီး လုပ်ဆောင်နေတာပါ။

ကပစတပ်တွေဟာ မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့သတ်ဖြတ်မှုတွေမှာ လက်နက်၊ ခဲယမ်းတွေ အဓိကထုတ်လုပ်ပေးနေတာကြောင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးနဲ့ လက်အောက်တပ်ဖွဲ့တခုလုံးကို ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူမှုပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။