မန္တလေး၊ အောက်တိုဘာ ၂၁၊ ၂၀၂၅။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ငလျင်ထိထားတဲ့ တည်းခိုခန်းကို ဖြိုချရာမှ ဘေးအိမ်ပေါ်ကို ပြိုကျပြီး နေအိမ်တွင်း လူတွေပိမိနေတာကြောင့် ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၁ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ ချမ်းအေးသာစံမြို့နယ် ၈၅ လမ်း၊ ၃၃-၃၄ လမ်းကြားရှိ ငလျင်ဒဏ်သင့် အထပ်မြင့် ၄ ထပ်ရှိ တည်းခိုခန်းကို ဖြိုချရာက နံဘေးရှိ နံကပ်( အုတ်ခံပျဥ်ထောင်အိမ်) နေအိမ် ၂ လုံး ပေါ်ပြိုကျသွားတာလို့ သိရပါတယ်။

” နှစ်ယောက်မကဘူး။ ပိနေတာ။ ကယ်ထုတ်ဖို့ကြိုးစားနေတယ်။ တိုက်က လေးထပ်ဆိုတော့ လူတွေက အောက်ရောက်သွားတာ”လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပြိုကျတဲ့နေရာဟာ ရပ်ကွက်လမ်းကြားဖြစ်တာကြောင့် ဘေးနေအိမ်တွေကို ပိမိခဲ့တာဖြစ်ကာ အဆောက်အဦတွေအကြား ပိမိနေသူတွေထဲက အမျိုးသားတဦး နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေအဆက်အသွယ်ရရှိပြီး စကားပြန်လည်တုံ့ပြန်မှုရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ နေအိမ်တွင်းအဆောက်အဦတွေပိမိနေသူကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး ထိခိုက်မှုအခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
မန္တလေးမြို့မှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားကြီးငလျင်အပြီး ငလျင်ဒဏ်ထိထားတဲ့ အဆောက်အဦတွေကို ဖြိုချရာက လူ ၃ ဦးထက်မနည်း သေဆုံးမှုရှိထားတယ်လို့ မြို့ခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။
သတင်း – မြတ်











