မြေလတ်အသံ၊ ဧပြီ ၆၊ ၂၀၂၆။
ဧပြီ ၅ ရက် မနေ့ညပိုင်းမှာ ထိုင်းနိုင်ငံ၊ ပထုံထာနီခရိုင်အတွင်း အထပ် ၉ ထပ်ရှိ တက္ကသိုလ်အဆောင် ၁ ခုကနေ အမျိုးသား ၁ ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သတင်းရရှိတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိစစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် ၃၀ အရွယ် တရုတ်နိုင်ငံသားဖြစ်ပြီး Humanities ပထမနှစ် ကျောင်းသား ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ဧပြီ ၆ ရက် ယနေ့မနက် ၁၀ နာရီခွဲခန့်မှာလည်း အဆိုပါအဆောင်ရဲ့ ၈ ထပ်ရှိ အခန်း ၁ ခန်းမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးနေတာကို ထပ်မံသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူ အမျိုးသမီးကလည်း အဆိုပါဘာသာရပ် ပထမနှစ်ကျောင်းသူ ၁ ဦးဖြစ်ပြီး လည်ပင်း၊ ဦးခေါင်း၊ ရင်ဘတ်နဲ့ လက်မောင်းတွေမှာ ဓားဒဏ်ရာအမြောက်အမြားနဲ့ ရေချိုးခန်းအတွင်း သေဆုံးနေတာကို တွေ့ရှိခဲ့ရကာ သေဆုံးချိန်ဟာ ၈ နာရီကနေ ၂၄ နာရီခန့်အထိ ကြာမြင့်နေပြီဖြစ်တယ်လို့ မှုခင်းဆေးစစ်ချက်အရ သိရပါတယ်။
သေဆုံးအမျိုးသမီးရဲ့ အခန်းအတွင်းမှာ ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေပြီး တံခါးအနီးရှိ စားပွဲပေါ်မှာ သွေးစွန်းနေတဲ့ ဓား ၁ ချောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခန်းအတွင်းနဲ့ ရေချိုးခန်းနံရံတွေပေါ်မှာ “ထွက်ခွာသွားရန် လိုအပ်ကြောင်း” ၊ “ကြိုးစားမှုများအကြောင်း” နဲ့ “ငွေထက် နားလည်မှုက ပိုအရေးကြီးကြောင်း” စတဲ့အကြောင်းအရာတွေကိုလည်း သွေးနဲ့ ရေးခြစ်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
CCTV မှတ်တမ်းတွေအရ သေဆုံးသူကျောင်းသားရဲ့ အခန်းကို ရှာဖွေနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေတဆင့် သေဆုံးသူ ကျောင်းသူရဲ့ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ရတာလို့ သိရပါတယ်။
ကနဦးစုံစမ်းချက်တွေအရ ၎င်းတို့ ၂ ဦးက ချစ်သူတွေဖြစ်ကြပြီး လွန်ခဲ့တဲ့ ၂ ပတ်ခန့်က အဆိုပါကျောင်းသားဟာ ဖုန်းကနေတဆင့် တဦးဦးနဲ့ ပြင်းပြင်းထန်ထန်စကားများခဲ့ကြောင်း အနီးအနားအခန်းရှိ ကျောင်းသား ၁ ဦးက ထွက်ဆိုထားပါတယ်။
ရဲတပ်ဖွဲ့က အဆိုပါစုံတွဲဟာ စကားများရန်ဖြစ်မှုကနေတဆင့် အမျိုးသားက အမျိုးသမီးကို ဓားနဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆထားပြီး အဲ့ဒီနောက် အမျိုးသားဖြစ်သူက မိမိကိုယ်ကိုယ် ဒဏ်ရာရအောင်ပြုလုပ်ကာ နံရံပေါ်မှာ စာတွေရေးပြီးနောက် ဝရံတာကခုန်ချကာ သေကြောင်းကြံစည်ခဲ့တာဖြစ်နိုင်တယ်လို့ သံသယရှိနေတာလည်း ဖြစ်ပါတယ်။
ရုပ်အလောင်း ၂ ခုလုံးကို အသေးစိတ် စစ်ဆေးဖို့ မှုခင်းဆေးပညာဌာနသို့ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Source – Bangkok Post.
