ကြို့ပင်ကောက်၊ ဇူလိုင် ၉၊ ၂၀၂၆။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကျခတ်တန်းကြီးကျေးရွာထဲကို ဝင်လာတဲ့စစ်ကြောင်းဟာ တောင်သူ ၁ ဦးကိုပစ်သတ်ခဲ့ပြီး၊ စစ်ကြောင်းရန်ကိုကြောက်လို့ ဒေသခံပြည်သူ ၄၀၀၀ ဝန်းကျင်ထွက်ပြေးနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံရ သိရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၅၈ နှစ်အရွယ် ဦးကြည်စိုးဆိုသူဖြစ်ပြီး၊ ဇူလိုင်လ ၈ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ သူရဲ့လယ်ထဲမှာရှိနေချိန် အလယ်ကုန်းစခန်းကနေ အင်အား ၆၀ ကျော်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ကျခတ်တန်းကြီးရွာကိုဝင်လာချိန် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
“လယ်လုပ်နေတဲ့ရွာသားကိုပစ်တာ။ ပေါင်သေနတ်မှန်ပြီး သွေးလွန်ပြီးသေတာ။ လယ်ကွင်းထဲမှာ ရှိနေတာ။ စစ်ကြောင်းဝင်လာတော့ ကြောက်လို့ပြေးတာကို ပစ်တာ။ စစ်ကြောင်းက ရွာထဲအထိုင်ချထားတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကြောင်းဝင်လာချိန် သေနတ်သံကြားတာကြောင့် ရွာသားတွေထွက်ပြေးခဲ့ရပြီး၊ ကျည်ထိမှန်တဲ့ ဦးကြည်စိုးရဲ့ အလောင်းကိုလည်း ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းအထိ ကျေးရွာထဲတပ်စွဲထားတာကြောင့် မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။
ကျခတ်တန်းကြီးကျေးရွာဟာ ကြို့ပင်ကောက်မြို့ရဲ့ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာမှာတည်ရှိတာဖြစ်ပြီး၊ စစ်ကြောင်းရောက်နေတာကြောင့် အိမ်ခြေ ၃၀၀ ကျော်ရှိကြတဲ့ မြို့ကိုင်း၊ ကျခတ်တန်းကြီး၊ ဆင်ပိုက်အပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံပြည်သူ ၄၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရပါတယ်။
ဇွန်လ ၁၆ ရက်နေ့က နတ်တလင်းမြို့နယ်အရှေ့ခြမ်း၊ အောင်ရတနာအုပ်စု၊ ညောင်လှကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကြို့ပင်ကောက်မြို့နယ်ဆိုင်းဘုတ်၊ ကျခတ်တန်းကြီးကျေးရွာ (Google Earth)