မလှိုင်၊ စက်တင်ဘာ ၃၊ ၂ဝ၂၆။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ဆည်တိုရွာထဲကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ပစ်တဲ့အတွက် အရပ်သားတဦးသေဆုံးခဲ့တယ်လို့ မလှိုင်အခြေစိုက် လူထုသတင်းကွန်ယက်က ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
မလှိုင်မြို့နယ် ယာကြီးကုန်းရွာဘုန်းကြီးကျောင်းဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်က ပစ်ခဲ့တာလို့ သိရပါတယ်။
အဲဒီဒရုန်းဟာ ဆည်တိုရွာထဲကို ကျရောက်ပေါက်ကွဲကာ အသက် ၅၀ နှစ်ဝန်းကျင် ဦးချစ်ကိုနဲ့ ဇနီးဒေါ်ဝိုင်းတို့ကို ဗုံးစထိမှန်လို့ ဒဏ်ရာရခဲ့ပြီး သူတို့ကို ဆည်တိုတိုက်နယ်ဆေးရုံမှာ ကုသနေချိန် ဦးချစ်ကို သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ဒရုန်းက မန်ကျည်းပင်ပေါ်ကိုကျပြီး ဗုံးစတွေက သွပ်မိုးတွေ ထရံတွေကို ဖောက်ပြီး အိမ်ထဲနေတဲ့ သူတို့လင်မယားကို လာမှန်တာ ဆေးကုနေရင်းသေတာ။ သူ့အမျိုးသမီးကတော့ ဆေးရုံမှာ ဆေးကုနေတုန်း” လို့ လူထုသတင်းကွန်ယက်မလှိုင်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မလှိုင်မြို့နယ်ထဲကို စက်တင်ဘာ ၁ ရက်နေ့က စတင်ဝင်ရောက်လာတာဖြစ်ပြီး စစ်ကြောင်းတွေခွဲကာ ဆည်တိုရွာမ၊ ကသစ်ပင်၊ ဩဇာခြံ စတဲ့ကျေးရွာတွေကိုလှည့်လည်နေပြီး မနေ့မွန်းလွဲပိုင်းက ယာကြီးကုန်းရွာကို စစ်သားအင်အား ၅၀ ခန့်နဲ့ လာရောက်ခဲ့သလို ဩဇာခြံရွာဘုန်းကြီးကျောင်းကိုလည်း အင်အား ၁၅၀ ခန့်နဲ့ ရောက်ရှိလာတာလို့ ဆိုပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ညနေ ၃ နာရီကျော်ခန့်မှယ ထမ္မကြီးကနေ ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ ဂွေးညိုဝင်းကျေးရွာကို ရောက်လာပြီး မီးရှို့နေတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက ကျေးရွာကို မီးတင်နေတယ်။ ၃ နာရီ ၁၅ မှာ အခုပဲ။ ထမ္မကြီးကလာတဲ့ စစ်ကြောင်းပါ။ စစ်ကြောင်းဝင်နေလို့ အဲနားဝန်းကျင်ကရွာတွေကတော့ စစ်ရှောင်နေရတယ်”လို့ အထက်ပါဒေသကာကွယ်ရေးအဖွဲ့ဝင်ကဆက်ပြောပါတယ်။
ဒီကနေ့ မနက် ၄ နာရီခွဲလောက်မှာတော့ ဩဇာခြံရွာ ဘုန်းကြီးကျောင်းနဲ့ ယာကြီးကုန်းရွာတို့က စစ်သားတွေဟာ ဂွေးညိုဝင်းရွာ ဘုန်းကြီးကျောင်းကို ပြောင်းရွှေ့တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်ကလည်း ကျောက်ပန်းတောင်းမြို့နယ်ဘက်မှာ ရက်သတ္တ ၂ ပါတ်ကျော်ဝန်းကျင် မီးရှို့လုယက်တာတွေပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ မလှိုင်မြို့ပေါ်အမှတ် ၁၂ နဲ့ ၁၃ ရပ်ကွက်တွေကိုဝင်ရောက်ပြီး ပြည်သူနေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို သိမ်းယူရောင်းစားခဲ့သေးတယ်လို့ မလှိုင်အခြေစိုက် လူထုသတင်းကွန်ယက်က ဖော်ပြထားပါသေးတယ်။
သတင်း – သော်တာအောင် ၊ ကျော်ကြီး