◼ စဉ့်ကူးမှာလည်း ဗုံးထပ်ကြဲခံရလို့ လူနေအိမ်နဲ့စျေးဆိုင်တွေ မီးလောင်
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက် ည ၆ နာရီကျော်မှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာဘုန်းကြီးကျောင်းကို တိုက်လေယာဥ် ၁ စီးနဲ့ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် ကျောင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်တွေပျက်စီးခဲ့ကာ သံဃာ ၁ ပါးဒဏ်ရာရခဲ့တယ်လို့ ကန်ဘလူဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။



“ကျောင်းမှာ အဆောင် ၅ ဆောင်ရှိတာ ၅ ဆောင်လုံး ပျက်သွားတယ်။ သံဃာ ၁ ပါးကတော့ ဒဏ်ရာရတယ်။ ကျန်တဲ့သံဃာတွေနဲ့ ကိုရင်တွေကတော့ လေယာဥ်သံကြားတာနဲ့ ဗုံးကျင်းထဲကို ဝင်ပုန်းနေကြလို့ လွတ်သွားတယ်”လို့ သူက ပြောပါတယ်။
၂၀၂၃ ၊ ဧပြီလ ၁၁ ရက်က ပဇီကြီးကျေးရွာမှာ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲအခမ်းအနားအဖြစ် ကျွေးမွေးတဲ့အစားအသောက်တွေကို ရွာခံတွေဝိုင်းဖွဲ့စားသောက်နေစဥ် စစ်ကော်မရှင်တပ်ကတိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ရဟတ်ယာဥ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃၇ ဦးအပါ လူ ၁၅၈ ဦးသေဆုံးခဲ့တာပါ။
အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူအစုလိုက်၊ အပြုံလိုက်သေဆုံးမှု အများဆုံးဖြစ်စဥ်တခုလည်း ဖြစ်ပါတယ်။



အလားတူ ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီကျော်မှာ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို စစ်တပ်က တိုက်လေယာဥ် ၁ စီးနဲ့ ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် ကျေးရွာစျေးဆိုင်တန်းတွေနဲ့ လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
” စျေးဆိုင်တွေအကုန်လုံးပျက်စီးတယ်။ ပြီးတော့ အိမ် ၂ လုံးပျက်စီးပြီးတော့ မီးပါလောင်သွားတယ်။ အစတော့မီးက မများဘူး။ ငြှိမ်းမယ့်သူမရှိတော့ မီးကများသွားတယ်။ အကုန်လုံးနီးပါးကစစ်ရှောင်နေကြတာ”လို့ စဉ့်ကူးဒေသခံအမျိုးသားတဦးက ပြောပါတယ်။
လက်ပံလှကျေးရွာရှိ ပြည်သူတွေအများစုဟာ စစ်ဘေးတိမ်းရှောင်နေကြတာကြောင့် ဗုံးကြဲတိုက်မှုအတွင်း လူအထိအခိုက်မရှိခဲ့တာလို့ သူကဆိုပါတယ်။



ဒီဇင်ဘာ ၁၃ ရက်ညပိုင်းကလည်း လက်ပံလှကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ဗုံးချခဲ့တာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။














