ဝက်လက်၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းတိုက်နယ်ရှိ ကျေးရွာချင်းဆက်မြေသားလမ်း လမ်းပျက်စီးမှုများလာတာကြောင့် သွားလာရေးအခက်တွေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၂၀၂၃ လောက်ကစလို့ ကုန်တင်ယာဥ်တွေအပါအဝင် ခရီးသွားယာဥ်တွေဟာ ဝက်လက်ဘက်ကလာပါက ရွာသာကြီးကျေးရွာထိပ်ရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကိုရှောင်လိုတာကြောင့် ရွာတော်ရွာထိပ်ကနေ ရှောင်ကွင်းလမ်းကိုဝင်ရောက်ပြီး စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အထိ ကျေးရွာချင်းဆက်လမ်းကို အသုံးပြုတဲ့အတွက် မြေသားလမ်းပိုင်းတွေ ပျက်စီးလာတာလို့ ဆိုပါတယ်။


“အခြေနေဆိုးတာကတော့ကျောက်ခဲစားသွားရင်တောင်အစာကြေတယ်။ တနေ့ကိုကားကြီး ကားသေး အစီးရေက ၇၀/၈၀ ကအနည်းဆုံး။ လမ်းဆိုးလို့ ကုန်တင်ယာဥ်ခရီးတင်ယာဥ်တွေတောင်မှောက်တယ်။ ပြန်ပြုပြင်တာမရှိဘူး။ ဆိုင်ကယ်စီးတာတောင်အဆင်မပြေဘူး။ အရင်ကအဆင်ပြေတယ်။ ကားကြီးတွေ သွားလို့ မြေဖြည့်ထားတဲ့ လမ်းကချိုင့်တွေ၊ ဂမူတွေနဲ့ ဆိုင်ကယ်တောင် အဆင်မပြေဘူး”လို့ ဒေသခံတဦးကပြောပါတယ်။
လမ်းပိုင်းတွေပျက်စီးနေတာကြောင့် တောင်သူတွေရဲ့ ထွက်ကုန်တွေပို့ဆောင်ဖို့၊ ရွာခံတွေ ကျန်းမာရေး၊ ပညာရေးကိစ္စသွားလာဖို့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။
“ဆားတောင်ဘက်ကို အဓိကသွားကြတာများတယ်။ မိုးရာသီတုန်းကတော့ ကားတွေဘာတွေ တိမ်းမှောက်တာရှိတယ်။ ကားချင်းရှောင်ပြီး မြေကျွံပြီးမှောက်တာ။ စပါးတွေကိုလှည်းတွေနဲ့ သယ်တာမှာမှောက်နိုင်တဲ့အနေထားရှိတယ်။ ပူနေရတယ်။ ဒီဘက်က ရာသီပေါ်သီးနှံမစိုက်ကြဘူး။ စပါးဘဲစိုက်ကြတာဆိုတော့ ပျက်စီးပုပ်သိုးတာမရှိဘူး”လို့ သူကဆက်ပြောပါတယ်။


မူလကတည်းကကောင်းမွန်တာမရှိတဲ့ ၅ မိုင်ခန့်အရှည်ရှိအဆိုပါမြေသားလမ်းပိုင်းဟာ ၂၀၂၁၊ အာဏာမသိမ်းခင်က ရွာတော်ကျေးရွာကနေ ဆားတောင်ထိ ဆိုင်ကယ်နဲ့သွားပါက ၄၅ မိနစ်ခန့်သာမောင်းနှင်ရပေမယ့် လက်ရှိမှာတော့ လမ်းပျက်စီးမှုပိုများလာတာနဲ့ ကားပိတ်ဆို့တာတွေကြောင့် မောင်းနှင်ချိန် ပိုမိုကြာမြင့်လာတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“ချိုင့်တွေ၊ ဂမူတွေများတော့ ဆိုင်ကယ်ကပုံမှန်စီးရမယ့် နေရာစီးမရတော့ဘူး။ လူထိန်းထားရတာ။ Speed နဲ့ကိုစီးမရဘူး။ လမ်းပိတ်တာက အခုမရှိဘူး။ မိုးတွင်းကရှိတယ်။ အခုက Speed နဲ့ စီးမယ် လုပ်လိုက်၊ ချိုင့်တွေ့လိုက် ပြန်ထိန်းလိုက်နဲ့ အချိန်ပိုကြာတာ” လို့ ဆိုပါတယ်
ဒါ့အပြင်လမ်းပိုင်းပေါ်မှာဖြတ်သန်းလာတဲ့ ကားကြီး၊ ကားငယ်တွေကို အခွန်ကောက်ခံနေတဲ့ တိုက်နယ်ပကဖအဖွဲ့တွေရှိပေမယ့်လမ်းပျက်စီးမှုကို ပြန်လည်ပြင်ဆင်ပေးတာမျိုးမရှိတာကြောင့် ပြန်လည်ပြင်ဆင်ပေးစေချင်တဲ့အပြင် ကုန်တင်ယာဥ်ကြီးတွေဖြတ်သန်းသွားလာမှုတွေကိုလည်း တားမြစ်ပေးစေချင်တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။
“လမ်းတွေပျက်တယ်။ ပြန်လည်ပြုပြင်ပေးမှုမရှိဘူး။ ကားတွေလည်းအခက်အခဲဖြစ်တယ်။ ပြည်သူတွေလည်း အခက်အခဲဖြစ်တယ်။ မိုးရွာတုန်းသွားလာထားကြတယ်။ ပြုပြင်မှုလည်းမရှိကြဘူး။ အခွန်ကောက်တယ်ဆိုရင်း လမ်းကောင်းအောင်ပြုပြင်ပေးပေါ့။ အဲ့လိုမဟုတ်ရင် ကားတွေကို တားရမှာ”လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
အဆိုပါလမ်းပိုင်းပျက်စီးမှုနဲ့ ကားတွေသွားလာခွင့်ပေးတဲ့အခြေအနေတွေကိုသိရဖို့ ရွှေပန်းကုန်း တိုက်နယ်ပကဖ တာဝန်ခံဆီ မြေလတ်အသံက တယ်လီဖုန်းကတဆင့် ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
အဲ့ဒီလမ်းပိုင်းဟာ ရွာတော်၊ လှဒွေ၊ ရွှေပန်းကုန်း၊ ဒီလုံးပို၊ သာစည်၊ မင်းရွာ ကျေးရွာတွေက ဒေသခံတွေ အဓိက အားထားသွားလာနေရတဲ့လမ်းဖြစ်တယ်လို့လည်း သိရပါတယ်။
စာတည်း – လင်း