12 July 2026 5:53 AM

ချောင်းဦး၊ ကျီကုန်းရွာမှာ ရွာတွင်းတိုက်ပွဲဖြစ်ပြီး PDF ၂ ဦးကျ၊ သံဃာအပါ ၄ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရွာကိုလည်း မီးရှို့

0 33
0 33

ချောင်းဦး၊ ဒီဇင်ဘာ ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာအတွင်း စစ်ကော်မရှင်တပ်နဲ့ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ခဲ့ပြီး PDF ၂ ဦးကျဆုံးကာ သံဃာ ၁ ပါးအပါ အရပ်သား ၄ ဦးကိုလည်း သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ချောင်းဦးမြို့နယ်ပကဖတာဝန်ရှိသူထံက သိရပါတယ်။

ဒီဇင်ဘာ ၈ ရက် ယမန်နေ့ မနက် ၆ နာရီကျော်ခန့်မှာ စစ်ကော်မရှင်တပ် ပူးပေါင်းအင်အား ၁၅၀ ခန့်ဟာ ကျီကုန်းကျေးရွာထဲ ဝင်ရောက်လာချိန် ဒေသခံတွေကို ဖမ်းဆီးပစ်ခတ်ပြီးနောက် တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – ယမန်နေ့မှာ စစ်ကော်မရှင်တပ်မီးရှို့တာကြောင့် မီးလောင်ပျက်စီးနေတဲ့ ကျီကုန်းရွာနေအိမ်များ။

” သူတို့ရွာထဲရောက်ပြီးမှ ထိတွေ့ဖြစ်တာ။ ရွာသားတွေအမြင်အရ ထိတွေ့ဖြစ်ပြီးမှသိရတာက ရွာသား ၃ ယောက်နဲ့ သံဃာ ၁ ပါး ပစ်သတ်ခံရတယ်။ ထိတွေ့တိုက်ပွဲက ၁ နာရီကျော်လောက်ကြာတယ်။ ဒီဘက်(PDF)က ဆုတ်ပေးလိုက်ရတယ်။ ရွာကိုလည်းမီးရှို့တယ်”လို့ ချောင်းဦးမြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းကျေးရွာထဲရောက်လာချိန်မှာ ကျန်းမာရေးမကောင်းတဲ့ သက်တော် ၅၀ ကျော်ရှိ သံဃာ ၁ ပါး၊ အသက် ၅၀ ကနေ ၆၀ ကြား အမျိုးသား ၃ ဦး ကိုပစ်သတ်ခဲ့တာကို ကျေးရွာကနေထွက်ပြေးလာတဲ့ မျက်မြင်ရွာသားတွေရဲ့ ပြောပြချက်အရ သိရတယ်လို့ ဆိုပါတယ်။

ပုံစာ – ယမန်နေ့မှာ စစ်ကော်မရှင်တပ်မီးရှို့တာကြောင့် မီးလောင်ပျက်စီးနေတဲ့ ကျီကုန်းရွာနေအိမ်များ။

တိုက်ပွဲအတွင်းမှာတော့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က ၂ ဦးကျဆုံးပြီး ၁ ဦးဒဏ်ရာရကာ စစ်ကော်မရှင်ဘက်ကလည်း ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် စုံစမ်းနေဆဲလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကော်မရှင်စစ်ကြောင်းဟာ ညနေပိုင်းမှာ ကျေးရွာထဲက နေအိမ်တွေကို မီးတင်ရှို့ခဲ့တာကြောင့် နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးပြီး စစ်ကြောင်းက ဒီဇင်ဘာ ၉ ရက် ဒီကနေ့အထိ ကျေးရွာထဲ အထိုင်ချထားလို့ နယ်​မြေရှင်းလင်းရေးမလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ပုံစာ – ယမန်နေ့မှာ စစ်ကော်မရှင်တပ်မီးရှို့တာကြောင့် မီးလောင်ပျက်စီးနေတဲ့ ကျီကုန်းရွာနေအိမ်များ။

စစ်ကော်မရှင်စစ်ကြောင်းဝင်လာတာကြောင့် ကျီကုန်းရွာမ၊ ကျီကုန်းရွာသစ်၊ ချောင်းဆုံ၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ချောင်းမနား၊ ပေါက်တော၊ လှော်ကား၊ ကုန်းကြီးရွာအပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံ ၃,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။