⁨မုံရွာမှာ စရဖ G 2 ဆိုသူ လိုက်ပါလာတဲ့ယာဥ်တန်းနဲ့ စစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက် (ရုပ်/သံ)

0 14
0 14

မုံရွာ ၊ ဒီဇင်ဘာ ၁၁ ၊ ၂၀၂၅ ။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် စစ်ဘက်ရေးရာလုံခြုံရေးဌာနရဲ့ စစ်ဦးစီးမှူး(ဒုတိယန်း) စရန G 2 ဆိုသူ လိုက်ပါလာတဲ့ယာဥ်တန်းနဲ့ မြို့တွင်းက စစ်ကော်မရှင်စစ်ဆေးရေးဂိတ်တခုကို တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

ဒီဇင်ဘာ ၇ ရက် ည ၈ နာရီကျော်မှာ မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် စရန G-2 ဦးစီးလိုက်ပါလာတဲ့ အိမ်စီးကား ၂ စီးဟာ ပြည်ထောင်စုလမ်းမအတိုင်း မန္တလေးမြို့ဘက်ကို မောင်းနှင်လာစဥ် ဘိုးဘွားရိပ်သာအနီးမှာ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့တာဝန်ခံ ကိုဘာမထီက ပြောပါတယ်။

“ကျနော်တို့ ဘိုးဘွားရိပ်သာမြောက်ဘက်နားက ပြည်ထောင်စုလမ်းပေါ်မှာ တိုက်ခိုက်ခဲ့တာ၊ မြို့တော်ခန်းမက ၃ ပွင့်ဗိုလ်၊ ဗိုလ်မှူးတဦးလိုက်ပါလာတဲ့ကားကို တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ ကား ၂ စီးလုံးကို ပစ်ခတ်နိုင်ခဲ့တာ၊ ဗိုလ်ကြီး ၂ ဦးကပြုတ်‌တယ်၊ တဦးကတော့ ခြေထောက်ဖြတ်ရတယ်၊ ဗိုလ်က ၂ ကောင်လုံးသေတာ၊ တပ်သား ၁၀ ဦးလည်း သေတယ်၊တပ်သားက ၁၀ ကောင်လောက်ပါလာတယ်၊ ၂ ကောင်ပဲကျန်တာ၊ ကားမောင်းတဲ့ကောင်ကတော့ ခြေထောက်ဖြတ်ရတယ်၊ ဘေးကထိုင်လိုက်တဲ့ ကောင်လည်း ဂုတ်ကိုထိမှန်တယ်၊ အဲ့ဒီ ၂ ကောင်က ပြန်ပစ်လို့ နောက်ဆုတ်ခဲ့ရတယ်၊ အိမ်စီးကား ၂ စီးနဲ့လာတာ၊ ညဆိုတော့ ဘယ်လို ကားမျိုးဆိုတာ မသိရဘူး” လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့တာဝန်ခံ ကိုဘာမထီက ပြောပါတယ်။

အိမ်စီးကားတွေပေါ်မှာ နမခ စစ်ဘက်ရေးရာလုံခြုံရေးဌာန စစ်ဦးစီးမှူး(ဒုတိယတန်း) ဗိုလ်မှူး တင်ကို၊ စစ်ကြောရေးဖွင့်ထားတဲ့ မုံရွာမြို့တော်ခန်းမစစ်ကော်မရှင်တပ်ဖွဲ့က ဗိုလ်ကြီး စိုးမင်းဦး ၊ မုံရွာမြို့ အမှတ် ၁ ရဲစခန်းက စစ်ကြောရေးအရာရှိ ၁ ဦးနဲ့ တပ်သား ၁၀ ဦးကျော် လိုက်ပါလာတယ်လို့သိရပြီး PDF တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ သူက ပြောပါတယ်။

ယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်က အခင်းဖြစ်နေရာဆီ တပ်ကူယာဥ်တွေအများအပြားရောက်ရှိလာပြီး သေဆုံးဒဏ်ရာရသူတွေကို နာရေးယာဥ်နဲ့ခေါ်ဆောင်ကာ မုံရွာမြို့ကို ပြန်သယ်သွားတယ်လို့ သိရပါတယ်။

” ဗိုလ်ထိတော့ သူတို့ဘက်က ပါရာမော်တာ စက်တပ်လေထီးနဲ့ ဗုံးလိုက်ကြဲတဲ့အပြင် စစ်ကော်မရှင်စခန်းတွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာတွေလုပ်တယ်” ဘာမထီတော်လှန်ရေးတပ်ဖွဲ့တာဝန်ခံ ကိုဘာမထီက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ည ၇ နာရီလောက်မှာပဲ မုံရွာမြို့ နတ်လူထိပ္ပန်ရပ်ကွက်၊ ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ ရေဦးဆန်ဆိုင်အနီးက စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ဘန်ကာကို ကားပေါ်ကနေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ညပိုင်း ၇ နာရီခွဲ ၈ နာရီလောက်ပေါ့။ ရေဦးဂိတ်မှာပစ်ခဲ့တာ မျက်မြင်က ၃ ကောင်သေတယ်၊ ၁၀ ကောင်လောက်က ဒဏ်ရာရတယ်” ဘာမထီတော်လှန်ရေးတပ်ဖွဲ့တာဝန်ခံ ကိုဘာမထီက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့၊ Black Falcon ၊ Democratic Local Coalition (DLC) ၊ BLDF စစ်ဒေသ (၂) ၊ PLA ၊ Three Star ၊ သွေးသောက်ညီကိုတော်လှန်ရေးတပ်ဖွဲ့ ၊ Mon Ywa Undergrown Force ၊ Moe Hein Defense Force ၊ Liger Three ၊ Mon Yaw Brother Attack Force နဲ့ Golden Eagle တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။