ဝက်လက်၊ ဩဂုတ် ၁၈၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ညောင်ကြီးတောနဲ့ ကူကောင်းကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခံရပြီး အိမ်ထဲနေမှာနေတဲ့ အမျိုးသမီးကြီးတဦး ရောကတ်ထိမှန်လို့ သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဒီကနေ့မနက် (ဩဂုတ် ၁၈) ၇ နာရီခန့်က တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနှစ်စီးဟာ ညောင်ကြီးတောရွာကို ဗုံးကြဲပြီးနောက် ကူကောင်းရွာထဲကို ဗုံးတလုံးကြဲချပြီး ရောကတ်နဲ့ ပစ်သွားတာလို့ ဆိုပါတယ်။

“ပထမတစီးက ညောင်ကြီးတောကို ပစ်တာ။ ဒုတိယတစီးက ကူကောင်းကိုပစ်တာ။ နှစ်ကြိမ်လုပ်တာမှာ ပေါင်သီးတနေရာ ရောကတ်တနေရာ။ အဖွါးကြီးတယောက်က အိမ်ထဲနေတာမှာ ရောကတ်သီးမှန်တာ။ ညောင်ကြီးတောက တယောက်မှ ထိခိုက်မရှိဘူး။ ကွင်းထဲကျတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ရောကတ်ထိမှန်လို့ အသက် ၆၀ အရွယ် ဒေါ်မေရီဆိုသူ နေရာမှာသေဆုံးပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် နေအိမ် ၂ လုံးပျက်စီးကာ ကြက်၊ ဝက်နဲ့ နွားအချို့ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့ပြီး ဗုံးကြဲပစ်ခတ်ခံရပြီးနောက် ကူကောင်းရွာခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကျေးရွာကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးအမျိုးသား ၁ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။