⁨တိုက်လေယာဉ်ရဲ့ ရောကတ်နဲ့ ပစ်လို့ နေအိမ်ထဲက သက်ကြီးအမျိုးသမီးတဦး သေဆုံး

0 1
0 1

ဝက်လက်၊ ဩဂုတ် ၁၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ညောင်ကြီးတောနဲ့ ကူကောင်းကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခံရပြီး အိမ်ထဲနေမှာနေတဲ့ အမျိုးသမီးကြီးတဦး ရောကတ်ထိမှန်လို့ သေဆုံးခဲ့တယ်လို့ ​ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဒီကနေ့မနက် (ဩဂုတ် ၁၈) ၇ နာရီခန့်က တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနှစ်စီးဟာ ညောင်ကြီးတောရွာကို ဗုံးကြဲပြီးနောက် ကူကောင်းရွာထဲကို ဗုံးတလုံးကြဲချပြီး ရောကတ်နဲ့ ပစ်သွားတာလို့ ဆိုပါတယ်။

ပုံစာ – ဂျက်ဖိုက်တာနဲ့ ပစ်ခတ်မှုကြောင့် ဝက်လက်မြို့နယ်၊ ကူကောင်းကျေးရွာမှ သေဆုံးသူ ဒေါ်မေရီ၏ အိမ်ခန်းနှင့် ရောကတ်အပိုင်းအစများ

“ပထမတစီးက ညောင်ကြီးတောကို ပစ်တာ။ ဒုတိယတစီးက ကူ​ကောင်းကိုပစ်တာ။ နှစ်ကြိမ်လုပ်တာမှာ ပေါင်သီးတနေရာ ရောကတ်တနေရာ။ အဖွါးကြီးတယောက်က အိမ်ထဲနေတာမှာ ရောကတ်သီးမှန်တာ။ ညောင်ကြီးတောက တယောက်မှ ထိခိုက်မရှိဘူး။ ကွင်းထဲကျတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရောကတ်ထိမှန်လို့ အသက် ၆၀ အရွယ် ဒေါ်မေရီဆိုသူ နေရာမှာသေဆုံးပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ် ၂ လုံးပျက်စီးကာ ကြက်၊ ဝက်နဲ့ နွားအချို့ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့ပြီး ဗုံးကြဲပစ်ခတ်ခံရပြီးနောက် ကူကောင်းရွာခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကျေးရွာကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးအမျိုးသား ၁ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။