10 July 2026 9:13 PM

ကနေဒါကို ပင်နယ်တီနဲ့အနိုင်ရပြီး​ ဥရုဂွေး ကိုပါအမေရိက တတိယနေရာရရှိ (အားကစားသတင်း)

0 10
0 10

မြေလတ်အသံ၊ ဇူလိုင်၁၄၊၂၀၂၄။

ယနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီ ၃၀ မိနစ်မှာ ကျင်းပခဲ့တဲ့ ကိုပါအမေရိက တတိယနေရာလုပွဲမှာ ဥရုဂွေးအသင်းက ကနေဒါအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ကိုပါအမေရိက တတိယနေရာကို ရရှိခဲ့ပါတယ်။

ပွဲအစ ၈ မိနစ်မှာ ဘန်တန်ကာ ရဲ့သွင်းဂိုးနဲ့ ဥရုဂွေးတို့ ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်း ၂၂ မိနစ်မှာ ထောင့်ကန်ဘောကနေ တဆင့် ကိုနေးရဲ့ နောက်ပြန်ကန်ချက်နဲ့အတူ ကနေဒါအသင်းက ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။ ကနေဒါတို့ ချေပဂိုးရပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဥရုဂွေးအသင်းက ပယ်လီစရီရဲ့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် အာရာအူဟို လူကျွံနေခဲ့လို့ ဂိုးမရရှိခဲ့ပါဘူး။

ဒုတိယပိုင်းပြန်အစမှာတော့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ထုတ်ပြီး ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်နဲ့လူစားလဲခဲ့ပေမယ့် ဥရုဂွေးအသင်းရဲ့တိုက်စစ်ကို ကနေဒါအသင်း အကောင်းဆုံးဟန့်တားနိုင်ခဲ့ပြီး ပွဲကစားချိန် မိနစ် ၈၀ အရောက်မှာ အဝေးကန်ချက်ကနေ ဂိုးသမား ပြန်ပုတ်ထုတ်တဲ့ဘောလုံးကို တိုက်စစ်မှူး ဂျွန်နသန် ဒေးဗစ်က အပိုင်ပိတ်သွင်းပြီး ကနေဒါတို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ကနေဒါအသင်း ဦးဆောင်ဂိုးကို ဆက်လက်ထိန်းထားဖို့ကြိုးစားနေရင်း မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၅ မိနစ်ပေးထားခဲ့ရာကနေ ဥရုဂွေးအသင်းရဲ့ လူစားဝင် ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ် က ၉၂ မိနစ်မှာ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဥရုဂွေးအသင်း ပြန်လာနိုင်ခဲ့ကာ ပွဲပြီးချိန်မှာ ၂-၂ ရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

ပွဲကစားချိန်ပြည့်တဲ့နောက် ပင်နယ်တီအဆုံးအဖြတ်မှာတော့ ကနေဒါအသင်းက အရင်ကန်သွင်းခွင့်ရခဲ့ပြီး တတိယမြောက် ကန်သွင်းတဲ့ ကိုနေးရဲ့ ကန်ချက်ကို ဥရုဂွေးဂိုးသမား ရိုချက် ကာကွယ်နိုင်ခဲ့ကာ ပဉ္စမမြောက်ကန်သွင်းရသူ အဖွန်ဆို ဒေးဗီးစ်ရဲ့ Peneka ကန်ချက်က ဘားမှန်ခဲ့လို့ ပင်နယ်တီလေးဂိုးစလုံး အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တဲ့ ဥရုဂွေးအသင်းက အနိုင်ရရှိခဲ့ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ လူစားဝင်တိုက်စစ်မှူး ဆွာရက်ဇ်က ရရှိခဲ့ပါတယ်။

ကိုပါအမေရိက ပွဲစဉ်ရဲ့ ဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့ တွေ့ဆုံမှာဖြစ်ပြီး ဇူလိုင် ၁၅ ရက် မနက်ဖြန် မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Photo – Copa América FB

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။