ဗန် ပါဝင်ထိုးသတ်မယ့် UFC Fight Night (အားကစားသတင်း)

0 8
0 8

မြေလတ်အသံ၊ ဇူလိုင် ၁၃၊ ၂၀၂၄။

အမေရိကန်နိုင်ငံ၊ ဒန်ဗာမြို့မှာကျင်းပမယ့် UFC Fight Night မှာ အသက် ၂၂ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန်ရဲ့ပွဲစဉ်ပါဝင်ပါတယ်။ 

ဗန်ဟာ အခုနှစ်ထဲ UFC မှာပွဲစဉ်များစွာထိုးသတ်မယ်လို့ မှန်းထားခဲ့ပေမယ့် လေးကြိမ်အထိ ပွဲပျက်တာကိုကြုံခဲ့ရပါတယ်။ ဗန်နဲ့ထိုးသတ်ဖို့ပွဲတည်ခဲ့တဲ့ လူးကပ်ရိုချာ၊ စူမူဒါချီတို့က ဒဏ်ရာကြောင့်ပြိုင်ပွဲတွေမတိုင်ခင်နုတ်ထွက်ခဲ့သလို တက်ဆူရိုတိုင်ရာကတော့ UFC ကပြိုင်ဘက်ချိန်းခဲ့တာကြောင့်ပွဲပျက်ခဲ့ကာ အူလန်ဘက်ကော့နဲ့ပွဲကတော့ ဝိတ်ချိန်တဲ့အဆင့်ထိရောက်ခဲ့ပြီးမှ ပြိုင်ဘက်က ဝိတ်ကျော်နေတဲ့အတွက် ပွဲပျက်ခဲ့ပြန်ပါတယ်။

အခုတခါမှာတော့ UFC မှာ ဗန်နဲ့ထိုးသတ်ဖို့ နှစ်ကြိမ်တိုင်တိုင်စိန်ခေါ်ခဲ့တဲ့ ချားလ်ဂျွန်ဆင်နဲ့ထိုးသတ်တော့မှာဖြစ်ပါတယ်။ ချားလ်ဂျွန်ဆင်ဟာ အသက် ၃၃ နှစ်အရွယ် ဝါရင့်ဖိုက်တာတဦးဖြစ်ပြီး UFC မှာဖော်ပြထားတဲ့မှတ်တမ်းအရ ၁၆ ပွဲနိုင် ၅ ပွဲရှုံးရလဒ် ရရှိထားကာ ဂျွန်ဆင်ဟာ ဗန်ထက် အသက်လည်းကြီးသလို အရပ်အမောင်းနဲ့ လက်တံထိရောက်မှုလည်း အားသာချက်ရှိနေပါတယ်။

UFC ကိုရောက်ရှိလာကာ သုံးပွဲဆက်တိုက်အနိုင်ထိုးသတ်ထားပြီး ပွဲခဏခဏပျက်နေတဲ့ဗန်နဲ့ စိန်ခေါ်သူ ချားလ်ဂျွန်ဆင်တို့ရဲ့ ပွဲကတော့ ဇူလိုင် ၁၄ ရက်နေ့မှာ ထိုးသတ်သွားတော့မှာဖြစ်ပါတယ်။

ဗန် ပါဝင်ထိုးသတ်မယ့် UFC Fight Night ပွဲစဉ်တွေကိုတော့ မနက်ဖြန် ဇူလိုင် ၁၄ ရက်(တနင်္ဂနွေ)နေ့ မြန်မာစံတော်ချိန် မနက် ၅း၃၀ မှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။

Photo – UFC

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။