11 July 2026 1:32 AM

ပြည်မြို့နယ်မှာ သင်းအုပ်ဆရာနဲ့ လူငယ်တဦးပျောက်ဆုံးနေပြီး ဘုရားကျောင်း ၂ခုကို သံသယနဲ့ ဝင်ရောက်ရှာဖွေခံရ

0 2
0 2

ပဲခူး၊ မေ ၄၊ ၂၀၂၂။

ပဲခူးတိုင်း ပြည်မြို့နယ်မှာ မနေ့က မနက်ပိုင်း သင်းအုပ်ဆရာတဦးနဲ့ လူငယ်တဦး ပျောက်ဆုံးနေပြီး ညဘက်မှာလည်း ဘုရားကျောင်း ၂ကျောင်းကို စစ်ကောင်စီက ဝင်ရှာဖွေတာမျိုးတွေ ရှိခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

မေလ ၃ရက်မနေ့က မနက်ပိုင်း ပြည်မြို့နယ် ဝက်ထီးကန်မြို့ ကျောက်ကွင်းဘုရားကျောင်းက သင်းအုပ်ဆရာနဲ့အတူ လူငယ်တဦးဟာ ပြည်မြို့ကို စျေးလာဝယ်ချိန်မှာ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ သင်းအုပ်ဆရာရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။

” ကျောက်ကွင်းဘုရားကျောင်းကို ဝင်ရှာတော့ တံခါးတွေကို ရိုက်ဖျက်တယ်လို့ သိရတယ်၊ ပြည်မြို့က ဘုရားကျောင်းကိုကတော့ ဒီတိုင်းပဲ လူဝင်ရှာသွားတာပါ၊ ဖမ်းသွားတာမျိုးတော့ မရှိဘူး” လို့ သင်းအုပ်ဆရာရဲ့ မိတ်ဆွေက ပြောပါတယ်။

ပြည်မြို့ ခေတ္တရာ မြို့သစ် ၁၃လမ်း ၄ကွက်က ခေတ္တရာ မြန်မာနှစ်ခြင်းဘုရားကျောင်းနဲ့ ဝက်ထီးကန်မြို့က ကျောက်ကွင်းရွာက နှစ်ခြင်းဘုရားကျောင်းတွေကို စစ်ကောင်စီက မနေ့ကည ၁၀ နာရီနောက်ပိုင်းမှာ ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လဝက်လောက်ကတည်းက ပြည်မြို့မှာ စစ်ကောင်စီက PDF ကိုထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ပြည်မြို့ခံတဦးက ပြောပါတယ်။

” အိမ်တွေကိုဝင်ဖမ်းရင် စစ်ကားရဲကားတွေကိုအသုံးပြုပြီးဝင်ဖမ်းတယ်၊ လမ်းတွေပေါ်မှာ ဖမ်းဆီးရင် အရပ်ဝတ်နဲ့ဝင်ဖမ်းတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ရက်တာ အတွင်း ပြည်မြို့မှာ ၁၀ ဦးထက်မနည်းကို မနက်ပိုင်းတွေမှာ အရပ်ဝတ်တွေနဲ့ ဖမ်းဆီးတာတွေရှိနေပြီး ညဖက်တွေမှာလည်း ဝင်ဖမ်းတာတွေ ရှိနေတာကြောင့် ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။