26 July 2026 9:39 PM

စစ်ဘောမတွေ မြန်မြန်သေရင်ကောင်းမှာပဲလို့ ပြောတဲ့ပေါင်းတည်သားနှစ်ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးအမှုဖွင့်

0 0
0 0

ပဲခူး၊ မတ် ၁၆၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်းမှာရှိတဲ့ ပေါင်းတည်မြို့သားနှစ်ဦးက စစ်ဘောမတွေမြန်မြန်သေရင်ကောင်းမှာလို့ အချင်းချင်းစကားပြောခဲ့တာကို အပြစ်ရှာကာရပ်ကွက်အုပ်ချုပ်ရေးမှူးက ရဲစခန်းကိုတိုင်ကြားခဲ့လို့ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ၄၇၊ ၃၀ (က)၊ ၅၀ (က)/၄၉ စတဲ့အကြမ်းဖက် ပုဒ်မတွေနဲ့ ဖမ်းဆီးအမှုဖွင့်ခံခဲ့ရပါတယ်။

အုပ်ဖို ၂ ရပ်ကွက် စေတနာနာရေးကူညီမှုအသင်းရုံးနောက်ဖက်က ထန်းတောစုထဲမှာနေကြတဲ့ ကိုသက်လှ(ခ)ကိုသက်နဲ့ ကိုအောင်တင်ဝင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့နှစ်ယောက်ရေချိုးရင်း ရေတွင်းမှာ ပြောတဲ့စကားကို ဘယ်သူကကြားပြီး အုန်းသိန်းကိုတိုင်လည်းမသိဘူး။ သူတို့နှစ်ယောက်အဖမ်းခံရပြီး နောက်နေ့မှာ ကာယကံရှင်မိသားစုနဲ့ ရပ်ကွက်ထဲက ရပ်မိရပ်ဖတွေက သွားတောင်းပန်တယ်။ ဒါပေမယ့်​ ကျေအေးမပေးဘူး ဒါမျိုးနောက်မလုပ်ရဲအောင် မှတ်လောက်သားလောက်ဖြစ်အောင် လုပ်ရမယ်လို့ပြောတယ်။ ပထမတော့ ရဲက ၄၇ နဲ့ စွဲတာ ကျေအေးဖို့သွားပြောပြီး နောက်နေ့မှ ထပ်ပြီးပုဒ်မတွေက တိုးသွားတာ အုန်းသိန်းက စစ်ကောင်စီအုပ်ချုပ်ရေးမှူးဖြစ်လာပြီးတော့မှ ရပ်ကွက်ထဲမှာ အာဏာပြတာပေါ့ဗျ” လို့ အဲဒီရပ်ကွက်နေသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရပ်ကွက်ထဲက လူငယ် ၃ ယောက်ကို PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး အဲဒီအုပ်ချုပ်ရေးမှူးကဦးဆောင်ပြီး စစ်ကောင်စီတပ်တွေနဲ့ လာဖမ်းသွားကာ စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးခဲ့ပြီး အပြစ်မရှိလို့ ခံဝန်လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာမြို့နယ်အတွင်းမှာ ဖမ်းဆီးမှုတွေပြုလုပ်ပြီး သူတို့စွတ်စွဲသလိုမဟုတ်ပါက ခံဝန်ထိုးခိုင်းပြီး ချိန်းခြောက်ကာ ပိုက်ဆံတောင်းယူပြီးမှ လွှတ်ပေးတယ်လို့လည်း ကာယကံရှင်တွေနဲ့နီးစပ်သူတဦး ဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။