နတ်တလင်းမှာ စစ်ကြောင်းထိုးမီးရှို့လို့ ဒေသခံ ၃ ထောင်ခန့်ထွက်ပြေးနေရ

0 9
0 9

နတ်တလင်း၊ မေ ၂၀၊ ၂၀၂၅။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံ ၃ ထောင်ဝန်းကျင် ထွက်ပြေးနေကြရတယ်လို့ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အင်အား ၁၀၀ ခန့်ရှိတဲ့ ပျူစောထီးနဲ့စစ်ကောင်စီပူးပေါင်းအဖွဲ့က မေ ၁၄ ရက်မှာ စစ်ကြောင်းထိုးလာပြီးနောက် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ထန်းတောကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီးနောက်မှာ ဒေသခံတွေတိမ်းရှောင်ခဲ့ကြတာလို့ ဆိုပါတယ်။

“၁၄ ရက်နေ့မှာ ထန်းတောရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အချိန်မှာတော့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်။ ထန်းတောရွာနားမှာဖြစ်တာ။ တိုက်ပွဲကတော့အရမ်းမကြာဘူး။ ပြီးတော့ ရွာကိုမီးဝင်ရှို့တာ”လို့ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ထန်းတောကျေးရွာကိုမီးရှို့ပြီးနောက်မှာ အဲ့ဒီရွာအပါအဝင် လယ်မအင်း၊ ကျောက်ဆွယ်၊ ကျောက်ခွက်စတဲ့ ကျေးရွာတွေကဒေသခံတွေထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

အထက်ပါစစ်ကြောင်းဟာ နတ်တလင်းမြို့ပေါ်ကို တပ်ပြန်မဆုတ်သေးဘဲ ထန်းတောရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့ ပျဥ်ပုံကျေးရွာပျူစောထီးစခန်းမှာ တပ်စွဲနေတာကြောင့် ဒေသခံတွေဟာ မေ ၂၀ ရက်ဒီကနေ့ အထိ ရွာထဲကိုပြန်မဝင်ရောက်နိုင်သေးဘူးလို့ သိရပါတယ်။

လက်ရှိစစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးမီးရှို့နေတဲ့ဒေသတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေမဖြစ်တာကြောင့် ထန်းတောကျေးရွာမှာ လူနေအိမ်ဘယ်နှစ်လုံး လောင်ကျွမ်းခဲ့လဲဆိုတာကို တိတိကျကျမသိသေးရဘူးလို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၆ ရက်ကလည်း နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံ ၁၀ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဒီဇင်ဘာလအထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် နိုင်ငံတစ်ဝန်းမှာ လူနေအိမ်ပေါင်း ၁ သိန်းကျော် (၁၁၂,၄၈၅ လုံး) မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာအရသိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။