မြေလတ်အသံ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က အချက်အချာကျတဲ့ လမ်းပိုင်းတွေနဲ့ ကျေးရွာတချို့မှာ နယ်မြေစိုးမိုးမှု ပြန်ရလာခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က အတုအယောင် ရွေးကောက်ပွဲပြုလုပ်ပြီးတဲ့နောက် ရက် ၁၀၀ စီမံကိန်း ဖော်ဆောင်ရာမှာ ပုလဲမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ကာ အရင်က စစ်တပ်အာဏာသက်ရောက်မှုမရှိတဲ့ ပုလဲ-ယင်းမာပင်လမ်းပိုင်းနဲ့ ပုလဲ-ဂန့်ဂေါလမ်းပိုင်းပေါ် အချက်အချာကျတဲ့ ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇူလိုင်လလောက်က စတင်ကာ ခပ်စိပ်စိပ်စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ပြီး နယ်မြေတချို့ကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီလိုနယ်မြေစိုးမိုးမှု ပြန်ရခဲ့တာကြောင့် လာမယ့် ပွင့်လင်းရာသီအရောက်မှာ လမ်းပန်းဆက်သွယ်ရေးအချက်အခြာကျတဲ့ ပုလဲ-ယင်းမာပင်လမ်းပိုင်းနဲ့ ပုလဲ – ဂန့်ဂေါလမ်းပိုင်းတွေကို အသုံးပြုသွားလာနေရတဲ့ ဒေသခံတွေနဲ့ မတရားအဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတာတွေနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ခံရနိုင်တာကြောင့် အထူးသဖြင့်ဒေသတွင်းလူငယ်တွေဟာ လုံခြုံရေးစိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခုဟာက ပြောရလို့ရှိရင် ယင်းမာပင်နဲ့ ပုလဲလမ်းပိုင်းကြီးက သူတို့အလိုလို အကုန်ပိုင်သွားပြီ။ ဘယ်အဖွဲ့အစည်းကမှ မိုင်းမခွဲတော့ဘူး။ ဘယ်အဖွဲ့အစည်းမှလည်း မတိုက်တော့ဘူး။ အဲဒီလမ်းပိုင်း သူတို့အပိုင်လို ဖြစ်သွားပြီ။ သူတို့ လာချင်တဲ့အချိန်လာ၊ ထွက်ချင်တဲ့အချိန်ထွက် ၄၊ ၅၊ ၁၀ ယောက်နဲ့လည်း ထွက်တယ်။ ၅ ယောက်နဲ့လည်း ထွက်တာပဲ” လို့ ဒေသတွင်း စစ်ရေးသတင်း စောင့်ကြည့်သူတဦးက ပြောပါတယ်။
အခုရက်ပိုင်းမှာလည်း အာဏာသိမ်းစစ်တပ်က ယင်းမာပင်မြို့နယ်၊ လယ်ငေါက်ရွာမှာ ကင်းပုန်းဝပ် အထိုင်ချထားသလို တမာပင်ခွ၊ ငါးမောင်း၊ သရက်ကန်၊ နှောရိုး၊ ရွာသာယာ စတဲ့ကျေးရွာတွေကိုလည်း ခပ်စိပ်စိပ် စစ်ကြောင်းထိုးလာလို့ ပုလဲနဲ့ ယင်းမာပင်မြို့နယ်ကလူငယ်တွေအတွက် ပိုပြီးလုံခြုံရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အရင် ၃ လ ခန့်က ဒီနယ်တွေဟာ စစ်တပ်အာဏာသက်ရောက်မှုမရှိတဲ့ နယ်မြေတွေဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတလုပ်ပြီးတဲ့နောက်ပိုင်းမှာ တဖြည်းဖြည်း စစ်ကြောင်းထိုးသိမ်းယူလာနိုင်ခဲ့တာဖြစ်သလို မကြာခဏဆိုသလိုပဲ ရွာတွေမီးရှို့ဖျက်စီးခံရနေရပြီး PDF တချို့လည်း ဖမ်းဆီးသတ်ဖြတ်ခံလာရတာတွေ ရှိလာပါတယ်။
“ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ယင်းမာပင်မြို့ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက ရွာသာရွာကို စစ်ကြောင်းထိုးနေချိန် ကျေးရွာတွင်းကဖြတ်သွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်နက်နဲ့ခဲယမ်းရိက္ခာတွေကိုလည်း သိမ်းဆည်းသွားတာ ခံခဲ့ရတယ်။” လို့ ဒေသတွင်း စစ်ရေးသတင်းစောင့်ကြည့်နေသူတဦးက ပြောပါတယ်။
အဲဒီအပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ လယ်ငေါက်ရွာမှာ လမ်းပိုင်းဖြတ်ကူးတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ထပ်မံဖမ်းဆီးခံထားရပါသေးတယ်။
လက်တလော ပုလဲမြို့နယ်အတွင်းမှာလည်း ပုလဲမြို့အထိုင်းစခန်းကနေ လက်တောင်းကြီး၊ ဖလန်ကန်၊ မြကုန်း၊ သေတ္တရာ၊ ကုက္ကိုစု စတဲ့ရွာတွေကို ၂ ရက် ၁ ကြိမ်ခန့် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့က ပုလဲမြို့နယ်က ဖလန်ကန်ရွာကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးခဲ့ပြီး အဲဒီကနေမှ လက်တောင်းကြီးရွာကို ဆက်လက် စစ်ကြောင်းထိုးလာကာ ဆိုင်ကယ် ၂၄ စီးအပါအဝင် စစ်ရှောင်တွေရဲ့ ကား ၁စီး နဲ့ ဒေသခံရွာတဦးရဲ့ ကား ၁ စီးတို့ကို ယူသွားတယ်လို့ဒေသခံတွေက မြေလတ်အသံကို ပြောပါတယ်။
“ရှောင်ချိန်မရဘူးဗျ။ သူတို့က ကားတွေရော ဆိုင်ကယ်တွေရော ပါတာ။ လက်တောင်းနဲ့ မဝေးဘူး၊ ဖလန်ကန်ဆိုတာ လက်တောင်း အရှေ့ဖက်တင်။ အဲဒါ scout drone နဲ့ဝဲပြီး အဲဒီဖက်ကို ပျံဝဲပြီး တခါတည်း စစ်ကြောင်းတက်ပြီး ဖလန်ကန်ရွာထဲ တန်းဝင်တာ။ လမ်းတွေ့တဲ့ ဆိုင်ကယ်တွေလည်း ယူသွားတယ်။ အကုန်လုံးပေါင်း ၂၄ စီး ပါသွားတယ်။” လို့ ရွာခံတဦးက ပြောပါတယ်။
ဒေသတွင်း အထိုင်ချထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတွေနဲ့ အထိုင်စခန်းတွေအတွက် လိုအပ်တဲ့ရိက္ခာတွေကိုတော့ ပုလဲနဲ့ ယင်းမာပင် မြို့နယ်တွေအတွင်းက ကျေးရွာတွေမှာ စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင်သွားတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေက ရိက္ခာတွေကို သိမ်းယူကာ သရက်ကန်ရွာမှာ ပုလဲနဲ့ ယင်းမာပင်မြို့နယ် ၂ ခုက စစ်ကြောင်းတွေပေါင်းစုံကာ အဲဒီကနေတဆင့် ပုလဲမြို့နယ်၊ အင်မထီးပျူရွာနဲ့ ပုလဲမြို့ထဲက အထိုင်စခန်းတွေဆီကို သိမ်းယူလာတဲ့ ရိက္ခာတွေကို ဖြန့်ဝေပို့ဆောင်ပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“အခု ရိက္ခာတွေကတော့ သယ်တယ်။ ယင်းမာပင်က ထွက်တဲ့ စစ်ကြောင်းက ငါးမောင်းဖက်ကနေ တမာပင်ခွရွာထဲကို ဝင်တာ။ တမာပင်ခွရွာထဲ ဝင်ပြီးတော့ ပစ္စည်း(ရိက္ခာ)တွေ ယူသွားတယ်။ ပစ္စည်းတွေယူသွားပြီး ပုလဲအဖွဲ့နဲ့ ပေါင်းပြီး ပုလဲအဖွဲ့ကို ရိက္ခာတွေ သွားသွားပို့တယ်။ ကျနော်တို့ ကြားထားတာတော့ အင်မထီးကို ရိက္ခာပို့မယ်လို့ ကြားထားတယ်။” လို့ ဒေသတွင်း သတင်းရင်းမြစ်တခုက ပြောပါတယ်။
ပုလဲနဲ့ ယင်းမာပင်မြို့နယ်ထဲက အဲဒီစစ်ကြောင်းတွေဟာ လူစည်ကားတဲ့ ကျေးရွာတွေကို အရပ်သားအသွင်ယူကာ အိမ်စီးကားတွေနဲ့ သွားလာလေ့ရှိပြီး ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“(အောက်တိုဘာ) ၅ ရက်နေ့က ယင်းမာပင်စစ်ကြောင်း ဝင်တယ်ဗျ၊ တမာပင်ခွရွာ။ စစ်ကြောင်းလိုက်ဝင်တာမဟုတ်ဘူး။ အိမ်စီးကားလေး ၂ စီးနဲ့လာတာ။ ဘယ်သူမှ မသိကြဘူး။ လူတွေကတော့ ပုံမှန်ပဲပေါ့။ စစ်ကားမှန်း မသိကြဘူး။ လူစည်တဲ့နေရာ ရောက်မှ ကားရပ်ပြီးတော့ အကုန်ဖမ်း(စစ်ဆေး)တာ။ ဒါပေမယ့် ခေါ်သွားတာတော့ မရှိဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီနယ်တဝိုက် အာဏာသိမ်းစစ်တပ်ဟာမြေပြင်မှာ စစ်ကြောင်းတွေထိုးနေတဲ့အပြင် လေကြောင်းကလည်း တိုက်ခိုက်မှုတွေလည်း ပြုလုပ်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ရွာမှာ စစ်ကော်မရှင်တပ်ရဲ့ ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နွား ၂ ကောင် သေဆုံးခဲ့ ရပါသေးတယ်။
အဲဒီအပြင် ယင်းမာပင်ခရိုင်ထဲက ကနီမြို့နယ်မှာလည်း မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို စစ်ကော်မရှင်တပ်က စိုးမိုးထိန်းချုပ်ထားတာကြောင့် မြို့နယ်ချင်းဆက် လမ်းတွေကနေ သွားလာဖို့ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အခုက သူတို့ ရသလောက်ကြီး ဖြစ်နေပြီ။ ဒီရှေ့လျှောက် ပွင့်လင်းရာသီ ရောက်တော့မှာ။ ပွင့်လင်းရာသီရောက်လို့ရှိရင် ကျနော်တို့ ဒီဖက်ပတ်ချာလည် ကျနော်တို့လူငယ်တွေ မလုံခြုံတော့ဘူး။ ည ၁၂၊ ၁ ချက်လည်း ကားနဲ့ ရောက်ချင် ရောက်လာတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
အရင်က စစ်တပ်အာဏာ သက်ရောက်မှုမရှိတဲ့ နယ်မြေတွေဖြစ်တဲ့ အညာဒေသရဲ့ အချက်အချာကျတဲ့ လမ်းပိုင်းတွေကို အာဏာသိမ်းစစ်တပ်က ဦးဆောင်တဲ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲနောက်ပိုင်း မြေပြင်နဲ့ ဝေဟင်တွေကနေ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ အခုဆိုရင် ပုလဲနဲ့ ယင်းမာပင်မြို့နယ်ထဲက အဓိကလမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်မှုတွေမြင့်တက်လာကြောင်း သိရပါတယ်။