ပွင့်ဖြူ၊ စက်တင်ဘာ ၁၁၊ ၂၀၂၆။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ သမုန်းကုန်းကျေးရွာမှာ အမျိုးသား ၁ ဦးသတ်ဖြတ်ခံရပြီး ၂ ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတ်ဖြတ်ခံရသူဟာ အသက် ၄၀ ကျော်အရွယ် ဦးထွန်းထွန်းဆိုသူဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့ မနက် ၂ နာရီဝန်းကျင်လောက်က လက်နက်ကိုင်အဖွဲ့ဝင်တွေက နေအိမ်ထိ ဝင်ရောက်သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
“သူအိမ်မှာတင် သတ်သွားတာ။ လူသတ်မှုဖြစ်တာ။ သူက ပျူဘက်၊ စစ်တပ်ဘက်ပါတဲ့ သဘောရှိတယ်။ ပျူစောထီးဆိုပြီး လက်နက်ကိုင်သူတော့မဟုတ်ဘူး။ ပစ်သတ်တာတော့မဟုတ်ဘူး။ ဓားနဲ့ ထိုးသတ်သွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဓားနဲ့ထိုးခံရလို့ ဦးထွန်းထွန်းဟာ နေရာမှာပင်သေဆုံးသွားသလို သမုန်းကုန်းကျေးရွာနေ ဦးစိုးမင်းနဲ့ သမန်းရင်းရွာသား ဦးဘိုခိုင်ဆိုသူတွေကိုလည်း အဆိုပါ လက်နက်ကိုင်အဖွဲ့တွေကပင် ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရသူတွေက တခါတရံ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ လူမှုရေးရပ်ရွာအရေး အတူလုပ်ကိုင်သူတွေဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာတော့ မသိဘူးလို့ဆိုပါတယ်။
အဆိုပါ လူသတ်မှူ၊ လူဖမ်းဆီးမှုတွေကိုတော့ ဘယ်အဖွဲ့တွေကပြုလုပ်ခဲ့တယ်ဆိုတာ မသိရသေးပဲ သက်ဆိုင်ရာအဖွဲ့တွေဘက်ကလည်း စက်တင်ဘာလ ၁၁ ရက်နေ့ညနေအထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
သူတို့နှစ်ဦး ဖမ်းဆီးခံရပြီး မနက် ၁၀ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၇၀ ဝန်းကျင်ဟာ ကျောင်းကုန်းကြီးကျေးရွာကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ အပြန်အလှန် ပစ်ခတ်မှုအတွင်း အမျိုးသမီး ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။