⁨ ⁨ဘယ်လ်ဂျီယမ်မှာ ကျောင်းသားတဦး ရေဆိုးမြောင်းတူးဖော်ရင်း ယူရို ၉ သန်းခန့်တန် ရွှေတွေတွေ့ရှိ

0 0
0 0

မြေလတ်အသံ၊ ဩဂုတ် ၁၈၊ ၂၀၂၆။

ဘယ်လ်ဂျီယမ်နိုင်ငံမှာ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတဦးဟာ ရေဆိုးမြောင်း တူးဖော်ရာ ယူ ရို ၉ သန်းခန့် တန်ဖိုးရှိတဲ့ ရွှေတွေကို တွေ့ရှိခဲ့ပါတယ်။

“စစချင်းတော့ ၁ ယူရိုတန် ဒင်္ဂါးပြားတွေလို့ ထင်ပြီး တူးဖော်ကြည့်ရာကနေ ရွှေချောင်းတွေကိုပါ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်” လို့ ကိုဘီလို့ခေါ်တဲ့ အဆိုပါကျောင်းသားက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ဘရပ်ဆဲလ်မြို့ အနောက်မြောက်ဘက် စိန့်ဂီးလစ် ဒန်ဒါမွန်ဒေးရှိ ဘီယာချက်စက်ရုံဟောင်းတခုရဲ့ မြေနေရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကျောင်းသားနဲ့ အလုပ်သမားတွေဟာ ဩဂုတ် ၁၁ ရက်က ရေဆိုးမြောင်း တူးဖော်နေစဉ် ရွှေတွေကို တွေ့ရှိခဲ့တာပါ။

တွေ့ရှိခဲ့တဲ့ ရွှေတွေထဲမှာ ရွှေဒင်္ဂါးတွေ၊ ရွှေတုံးတွေနဲ့ ရွှေချောင်းတွေ ပါဝင်ပြီး ၁၉ ရာစုနှောင်းပိုင်းက ဘီယာချက်စက်ရုံပိုင်ရှင် သီအိုဖီးလပ်စ်ဗန်းအာရှီရဲ့ အိမ်အောက်ရှိ မြေအောက်ခန်း အုတ်နံရံအတွင်း အိတ်တအိတ်နဲ့ သေချာဝှက်ထားတာ ဖြစ်ပါတယ်။

အဆိုပါ ဘီယာချက်စက်ရုံဟာ ၁၈၉၉ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်မှာ ပိတ်သိမ်းခဲ့ကာ လက်ရှိမှာ CAW Oost-Vlaanderen အဖွဲ့အစည်းက ရုံးခန်းနဲ့ အိမ်ရာအဖြစ် ပြန်လည်ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အဆောက်အအုံကို ပြန်လည်ပြင်ဆင်ဖို့အတွင်းပိုင်း ရေဆိုးမြောင်းတွေ တူးဖော်စဉ် အလုပ်သမားတွေက အုတ်နံရံအတွင်း ဝှက်ထားတဲ့ ရွှေတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရွှေတုံးတွေကို တွေ့ရှိပြီးနောက် ကျောင်းသားနဲ့ အလုပ်သမားတွေဟာ ရဲတပ်ဖွဲ့ထံ ချက်ချင်း အကြောင်းကြားခဲ့ပြီး လက်ရှိမှာ တရားဝင် ပိုင်ဆိုင်ခွင့်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ အဆိုပါရွှေတွေကို ဘရပ်ဆဲလ်မြို့ရှိ လုံခြုံစိတ်ချရတဲ့ ရွှေတိုက်သို့ ရွှေ့ပြောင်းထားပါတယ်။

အစိုးရရှေ့နေရုံးမှ တာဝန်ရှိသူတဦးက ဒီရွှေတွေဟာ ရာဇဝတ်မှုနဲ့ ဆက်စပ်မှု ရှိမရှိ ပထမဆုံး စစ်ဆေးရမှာဖြစ်ပြီး ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေဆိုင်ရာ အငြင်းပွားမှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

ဘယ်လ်ဂျီယမ် ဥပဒေအရ စက်ရုံပိုင်ရှင်ရဲ့မျိုးဆက်တွေ၊ ဆောက်လုပ်ရေးကုမ္ပဏီနဲ့ လူမှုဖူလုံရေးအဖွဲ့တို့ ပိုင်ဆိုင်ခွင့် တောင်းဆိုနိုင်ပြီး မူလပိုင်ရှင် ထွက်ပေါ်လာရေးအတွက် အနည်းဆုံး ၅ နှစ်ကြာ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

ကိုဘီက တွေ့ရှိခဲ့တဲ့ ရွှေပမာဏ အလွန်များပြားတာကြောင့် အာဏာပိုင်တွေထံ ချက်ချင်း အကြောင်းကြားခဲ့ပြီး နောင်တချိန်မှာ သူ့အတွက် ဆုကြေးတခုခု ရရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။

News & Photo: The Guardian

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။