ညောင်ဦး၊ ဩဂုတ်လ ၁၉၊ ၂၀၂၆။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်နဲ့ ကျောက်ပျဥ်ကန်ရွာတွေကနေ စစ်တပ်က ဖမ်းသွားတဲ့ အမျိုးသား ၃ ဦး နှိပ်စက်သတ်ဖြတ်ခံရပြီး အလောင်းသာပြန်ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေမှာ ကျောက်ပျဥ်ကန်ရွာသား အသက် ၅၀ အရွယ်ခန့်ရှိ ဦးလန်းပို၊ ဦးမိုးဆွေနဲ့ ချောင်းရှည်ရွာက အမျိုးသားတဦးတို့ဖြစ်ပြီး ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်တပ်စွဲထားတဲ့ ပန်းကုန်းပင်ကျေးရွာကနေ အလောင်းကို သွားပြန်ယူလာခဲ့ရတယ်လို့ ဆိုပါတယ်။
“သူတို့ (စစ်တပ်) မရှိတော့ဘူးဆိုတော့ စစ်တပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက အကြောင်းကြားလို့ သွားထုတ်ကြရတာ။ အလောင်းပြန်ရတော့ နှိပ်စက်ထားတယ်။ ခေါင်းတွေလည်း ခုတ်ထားတယ်။ ခြေဖဝါးတွေကော ခြေထောက်တွေကော ခုတ်ထစ်ထားတယ်။ စစ်ရှောင်နေတဲ့ ပြည်သူကို ဖမ်းခေါ်သွားပြီး အကြောင်းမဲ့ သတ်လိုက်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီအဖွဲ့သားတွေရဲ့ ဓားတွေနဲ့ထိုးခုတ် နှိပ်စက်သတ်ဖြတ်ထားမှုကြောင့် သေဆုံးသူအမျိုးသား ၃ ဦးမှာ ဦးနှောက်ထွက်ကာ ခန္ဓာကိုယ်အနှံ အညိုအမဲစွဲဒဏ်ရာတွေ တွေ့ရပြီး၊ ခြေဖဝါး၊ ခြေထောက်နဲ့ နောက်ကျောတွေမှာလည်း ဓားနဲ့ မွှန်းထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရပါတယ်။
(ဖမ်းဆီးသတ်ဖြတ်ခံထားရသူများ၏ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဓာတ်ပုံများကို မြေလတ်အသံမှ ရရှိထားပြီးဖြစ်သည်)
အဆိုပါ အမျိုးသား ၃ ဦးဟာ ဩဂုတ်လ ၁၆ ရက်နေ့က ကျောက်ပျဥ်ကန်၊ ချောင်းရှည် ကျေးရွာတွေဘက်ကို စစ်ကော်မရှင်စစ်ကြောင်းထိုးလာချိန် စစ်ရှောင်နေတဲ့ ကျေးရွာတွေအနီး တောစပ်တွေမှာ ဖမ်းဆီးခံလိုက်ရတာပါ။
ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာဖို့ မိသားစုတွေက ပြန်ရွေးဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘဲ အလောင်းကိုသာ ပြန်ရခဲ့ကြတာလို့ သိရပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းက သတ်ဖြတ်လို့ သေဆုံးသွားသူ ၃ ဦးရဲ့နာရေးကိုတော့ အလောင်းပြန်ရပြီးနောက် သက်ဆိုင်ရာကျေးရွာတွေမှာ ချက်ချင်းသဂြိုလ်လိုက်ကြတယ်လို့ သိရပါတယ်။