စစ်တပ်ဂိတ် ၃ ခုကို PDF တပြိုင်တည်းတိုက်ခိုက်ပြီး ၂ ခုကိုသိမ်းပိုက်မီးရှို့

0 2
0 2

တောင်သာ၊ ဩဂုတ် ၁၊ ၂၀၂၆။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အဝင်ရှိ စစ်တပ်ဂိတ် ၃ ခုကိုစီးနင်းတိုက်ခိုက်ခဲ့ပြီး ၂ ခုကိုသိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲတွင်း စစ်ကော်မရှင်တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဩဂုတ်လ ၁ ရက်မှာ မြင်းခြံခရိုင်တပ်ရင်း ၁ က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၈ ရက်မနက် ၅ နာရီခန့်မှာ စုစုပေါင်းအင်အား ၅၀ ခန့်ရှိနေတဲ့ တောင်သာမြို့အရှေ့ဘက်ရှိ မန်ကျည်းရိုး စစ်ဆေးရေးဂိတ်၊ ဗိဿနိုးအထိုင်ဂိတ်နဲ့ ဗိဿနိုးရွာဘုန်းကြီးကျောင်းတောင်ပေါ်စခန်းတို့ကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – မန်ကျည်းရိုးစစ်ကော်မရှင်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့စဥ်။

“စခန်း ၃ ခုကတော့ တဆက်တည်းပဲ။ သိပ်မဝေးဘူး။ ၃ နေရာတပြိုင်တည်းဝင်စီးတယ်။ အဓိကဦးစားပေးက မန်ကျည်းရိုးဂိတ်ပေါ့။ မန်ကျည်းရိုးဂိတ်က ၁၅ မိနစ်ဝန်းကျက်လောက်နဲ့ရတယ်။ ဗိဿနိုးဂိတ်က နာရီဝက်လောက်ကြာတယ်။ ဘုန်းကြီးကျောင်းတောင်ပေါ်ဂိတ်က တောင်ပေါ်ဖြစ်နေလို့မရလိုက်ဘူး”လို့ မြင်းခြံခရိုင်တပ်ရင်း ၁ တပ်ရင်းမှူးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ မန်ကျည်ရိုးဂိတ်နဲ့ ဗိဿနိုးဂိတ်တို့ကို သိမ်းပိုက်မီးရှို့နိုင်ခဲ့ပြီး မန်ကျည်ရိုးဂိတ်ရှိ စစ်ကော်မရှင်တပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – မန်ကျည်းရိုးစစ်ကော်မရှင်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့စဥ်။

ဒီစစ်ဆေးရေးဂိတ်တွေက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို မတရားဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေတာကြောင့် အဖွဲ့စုံနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မြင်းခြံခရိုင်တပ်ရင်း ၁ တပ်ရင်းမှူးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ တောင်သာမြို့တွင်းက စစ်ကော်မရှင်တပ်ဖွဲ့တွေရောက်လာပြီး ပျက်စီးသွားတဲ့နေရာတွေကိုပြန်လည်ပြုပြင်ကာ တနေရာမှာ အင်အား ၅၀ ခန့်ချထားပြီး စစ်ဆေးရေးဂိတ်တွေပြန်ဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ် ၁၊ ၂၊ ၃၊ ၇ နဲ့ ၈ တပ်ရင်းများ၊ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ နွားထိုးကြီးမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖနဲ့ စဉ့်ကိုင်မြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကလည်း မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ အိမ်ကြီးတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ ရဲတပ်ရင်း ၈ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၇ ဦးသေ၊ ရဲအုပ်အပါအဝင် သုံ့းပန်း ၁၀ ဦးမိခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။