စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ ဗကသကျောင်းသား ၃ ဦးရဲ့ နှစ်ပတ်လည်အခမ်းအနား လူထုထောင်ချီတက်ရောက်

0 1
0 1

မြေလတ်အသံ၊ ဇူလိုင် ၂၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ ကျောင်းသား ၃ ဦး စီးနင်းသတ်ဖြတ်ခံရမှု ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဗကသများအဖွဲ့ချုပ်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုကျော်ဝင်းသန့်၊ ဒုဥက္ကဌ ကိုကြယ်စင်ငြိမ်းချမ်း၊ သတင်းနဲ့ပြန်ကြားရေးမှူး ကိုသုတနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးတို့ကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက် မနက် ၄ နာရီမှာ သမဂ္ဂရုံးခန်းရှိရာ ညောင်ကန်ကျေးရွာကို စစ်ကြောင်းထိုးစီးနင်းပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သမဂ္ဂအမှုဆောင်အဖွဲ့ဝင် ၃ ဦးရဲ့ စီးနင်းသတ်ဖြတ်ခံရခြင်း ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မနေ့ ဇူလိုင် ၂၅ ရက်က ဘုတလင်မြို့နယ်မှာရှိတဲ့ သူတို့ရဲ့ ဗိမာန်မှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်ကလည်း ကျောင်းသားတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေနဲ့ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲအသီးသီးမှာပါအသက်ပေးပြီး ရှေ့ဆုံးကနေမားမားမတ်မတ် ရပ်တည်ခဲ့ကြတာဖြစ်ပြီး၊ ကျဆုံးသွားတဲ့ ကျောင်းသား ၃ ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ ကျောင်းသားပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ဦးဆောင်းကျင်းပပြုလုပ်ခဲ့တဲ့ ဘုတလင်မြို့နယ် ကျောင်းသားသမဂ္ဂက အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျောင်းသားတွေရဲ့ အခန်းကဏ္ဍက တော်လှန်ရေးမှာအင်မတန်မှ အရေးပါခဲ့တယ်။ ရှေ့ဆုံးကနေပဲမားမားမတ်မတ် တိုက်ပွဲဝင်ခဲ့ကြတာ၊ ကျောင်းသားတွေရဲ့ အခန်းကဏ္ဍသာမပါခဲ့ဘူးဆိုရင် တော်လှန်ရေးဆိုတာ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒီလိုမျိုး ရဲရဲဝင့်ဝင့်နဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အသက်ပေးခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှုကို အောက်မေ့သတိရပြီးတော့ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေရတာ ဖြစ်တယ်။” လို့ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီဝင် ကိုဉာဏ်ထက်နိုင်က မြေလတ်အသံကို ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်ရဲ့ အာဏာသိမ်းချိန်ကစလို့ ဒီကနေ့အထိ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသား ၂၆ ဦး ကျဆုံးခဲ့ပြီး ၅၇ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဗကသရဲ့ နှစ် ၉၀ ပြည့်အထိမ်းအမှတ် စစ်တမ်းတွေအရ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။