ပေါင်းတည်၊ ဇူလိုင် ၁၊ ၂၀၂၆
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာနဲ့ လက်ပံခုန်ရွာကြားကို လေကြောင်းကနေ ဗုံးကြဲတာကြောင့် အသက် ၅၀ ကျော် အမျိုးသား ၁ ဦးသေဆုံးခဲ့ရတယ်လို့ ပြည်ခရိုင်တပ်ရင်း(၁) စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadow ထံက သိရပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်အချိန် နေပြည်တော်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက ကျေးရွာ ၂ ရွာကြားရှိ လမ်းပိုင်းကို ဗုံး ၄ လုံးကြဲချသွားတယ်လို့ ဆိုပါတယ်။
“အဲနေရာမှာ ဘာတိုက်ပွဲမှမရှိဘူး။ သူက အဲနေရာက တဲမှာနေတာ။ နွားတွေမွေးပြီးတော့ နို့ညှစ်ရောင်းတာ။ သူတဲနားကို ဗုံးကျပြီး အစမှန်ပြီးသေတာ။ သူတဲမှာ သူအမေနဲ့ သူနဲ့နှစ်ယောက်တည်းရှိတာ”လို့ ပြည်ခရိုင်တပ်ရင်း(၁)စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadow က ပြောပါတယ်။
ဗုံးစမှန်တာကြောင့် တောင်ခမောက်ရွာသား အသက် ၅၀ ကျော်ရှိ ဦးဆန်းမြင့်မှာ ကျောနဲ့တင်ပါးကို အစဖောက်ဝင်ပြီး၊ ရင်ဘက်မှ ဖေါက်ထွက်ကာ နေရာမှာတင် သေဆုံးသွားပါတယ်။
ဒါ့အပြင် တဲအိမ်လည်းပျက်စီးမှုအနည်းငယ်ရှိခဲ့ပြီး အသက် ၇၈ နှစ်အရွယ် မိခင်ဖြစ်သူမှာတော့ ထိခိုက်တာမရှိဘူးလို့သိရကာ ဗုံးကြဲချချိန် ကျေးရွာနှစ်ရွာက ပြည်သူအချို့ကတော့စိုးရိမ်ပြီး တိမ်းရှောင်သွားကြတာရှိတယ်လို့ သိရပါတယ်။
ပဲခူးတိုင်းအတွင်း ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကလည်း ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲလို့ သက်ကြီးအမျိုးသား ၁ ဦးသေဆုံးခဲ့တယ် သိရပါတယ်။