မင်းလှ၊ ဇူလိုင် ၂၊ ၂၀၂၆
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမဘေးရှိ အညာတန်းကျေးရွာနဲ့ ကိုင်းပြင်ကြီးရွာကြားက စစ်တပ်စခန်းတခုကို PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့မနက် ၃ နာရီကျော်ခန့်မှာ ကျေးရွာအနီးမှာ အင်အား ၃၀ ခန့်နဲ့တပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
“ဘန်ကာတခုတော့ရတယ်။ သူတို့ဘက်က အထိအခိုက်အကျအဆုံးနဲ့ ပြေးတာတွေလည်းရှိတယ်။ စခန်းကို လုံးလုံးဝင်သိမ်းမယ့်အချိန်မှာ လေကြောင်းလည်း လာတယ်။ ရဲဘော်တွေကအထဲကို ဆက်ဝင်ဖို့လုပ်နေချိန် အုတ်ဖိုဘက်က စစ်ကူလည်း ဖောကား ၃ စီးရောက်လာတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်တော့ ပြန်ဆုန်လာရတယ်”လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တွေရဲ့မျက်မြင်နဲ့ ရွာခံပြည်သူတွေရဲ့ သတင်းအရ စစ်ကော်မရှင်ဘက်က ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးပြီး လက်နက်တွေကတော့ မကောက်ယူနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ၁၀ ဦးထက်မနည်း သေဆုံးမှုကို မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဆိုပါ စစ်ကော်မရှင်စခန်းဟာ ၂၀၂၄ ခုနှစ်လောက်ကစပြီး ကျေးရွာအနီးမှာ လာရောက်တပ်စွဲထားသလို ခရီးသွားပြည်သူတွေကိုစစ်ဆေးငွေညှစ်တာနဲ့ ကျေးရွာတွေကို အကြောင်းမဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကိုတော့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။