12 July 2026 7:15 AM

မင်းလှမှာ လက်နက်ကိုင်အဖွဲ့တခုက အရပ်သား ၁ ဦးကိုသတ်ပြီး ၄ ဦးကိုဖမ်းထား

0 30
0 30

မင်းလှ၊ ဇွန် ၁၈၊ ၂၀၂၆။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာမှာ ဒေသအခြေစိုက်လက်နက်ကိုင်အဖွဲ့က ရွာသား ၁ ဦးကို သတ်ဖြတ်ပြီး ၄ ဦးကိုဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

မေ ၃၀ ရက်မှာ အသက် ၁၈ နှစ်အရွယ် မနွယ်နီဝင်း၊ အသက် ၃၄ နှစ်အရွယ် ဒေါ်ပူစူး၊ အသက် ၅၀ နှစ်အရွယ် ဦးကျော်လွင်စိုးတို့ကို ဖမ်းဆီးခဲ့သလို ဇွန် ၁၁ ရက်ညမှာ အသက် ၄၀ ကျော်အရွယ် ကိုငမျိုး၊ ဇွန် ၁၂ ရက်မှာ အသက် ၅၂ နှစ်အရွယ် ဒေါ်မိစန်းအေးတို့ကို နေအိမ်တွေကနေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဘယ်အဖွဲ့လုပ်တာတော့ သိတယ်။ ပြောဖို့အဆင်မပြေသေးလို့။ ခုက ပြည်သူတွေခံရတာဖြစ်နေလို့။ ဒေသခံ ၃ ယောက်ကို အရင်ဖမ်းတယ်။ နောက်ရက်မှာ ကိုမျိုးကိုဖမ်းတယ်။ နောက်တရက်မှာ သတ်ပစ်တယ်။ လည်ဖြတ်ပြီးသတ်ဖြတ်ခံရတယ်။ သူခေါင်းတောင် ခြံစည်းရိုးပေါ်မှာ ချိတ်ခဲ့တာ။ လူမြင်ကွင်းမှာသတ်လိုက်တာ”လို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

သတ်ဖြတ်ဖမ်းဆီးခံရသူတွေထဲက ဦးကျော်လွင်စိုး ၁ ဦးသာ စစ်အာဏာမသိမ်းခင်က ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်ခဲ့ပြီး စစ်အာဏသိမ်းပြီးနောက် ပါတီကနှုတ်ထွက်ပြီး စျေးဆိုင်ဖွင့်ထားသူဖြစ်ပြီး ကျန်သူတွေက လယ်လုပ်၊ စျေးရောင်းနဲ့ ကျပန်းလုပ်ကိုင်သူတွေဖြစ်ပြီး စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ပတ်သက်တာမရှိတဲ့အရပ်သားတွေသာ ဖြစ်တယ်လို့ အထက်ပါအဖွဲ့ဝင်က ပြောပါတယ်။

ဖမ်းခံရသူ ၅ ဦးထဲမှာ ကိုငမျိုးဟာ အသတ်ခံခဲ့ရပြီး ကျန် ၄ ဦးမှာလည်း ဇွန်လ ၁၈ ရက်အထိ ပြန်မလွတ်လာသေးသလို ဘယ်မှာဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးတာကြောင့် သူတို့ရဲ့အန္တရာယ်ကိုလည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ လက်နက်ကိုင်အဖွဲ့ဟာ ဇွန် ၁၀ ရက်မှာ လက်ပံတန်းမြို့နယ်၊ ရေနောက်ရွာက အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ ဇွန် ၁၁ ရက်ညမှာ မင်းလှမြို့နယ်၊ စီတုန်းရွာက အမျိုးသား ၁ ဦးတို့ကိုလည်း သတ်ဖြတ်ခဲ့သေးတယ်လို့ ဖြစ်စဥ်ကိုသိတဲ့ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးဆီက သိရပါတယ်။

အဲ့ဒီသတ်ဖြတ်မှုတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ အထက်အဆင့်ဆင့်ကိုတင်ပြထားတယ်လို့လည်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန် ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ထားခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။