နတ်တလင်း၊ ညောင်လှရွာမှာတိုက်ပွဲဖြစ်ပြီး နေအိမ်တွေပေါ်ဒရုန်းဗုံးကျလို့ သက်ကြီးပိုင်း ၃ ဦးသေဆုံး

0 46
0 46

နတ်တလင်း၊ ဇွန် ၁၈၊ ၂၀၂၆။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အရှေ့ခြမ်း၊ အောင်ရတနာအုပ်စု၊ ညောင်လှကျေးရွာမှာ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဇွန်လ ၁၆ ရက် ညနေ ၃ နာရီကျော်မှာ တောင်ညိုရဲစခန်းနဲ့ မျှော်တော်တောင်စခန်းကနေ အင်အား ၅၀ ကျော်နဲ့ကင်းပတ်ထွက်လာတဲ့ စစ်ကြောင်းနဲ့ ဒေသခံတော်လှန်ရေးတပ်တွေအကြား ညောင်လှကျေးရွာစာသင်ကျောင်းအနီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ပုန်းအောင်းနေတဲ့ပြည်သူတွေကို ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

” တိုက်ပွဲဖြစ်ချိန် ပြည်သူတွေက ပြေးသူပြေး၊ ပုန်းတဲ့သူပုန်းနေကြတာ။ ဒရုန်းဗုံးတွေက ကွက်သစ်ဘက် လူနေအိမ်တွေပေါ်ကျတော့ ထိခိုက်သေဆုံးတာရှိခဲ့တယ်” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဒရုန်းဗုံးထိမှန်တာကြောင့် ညောင်လှရွာ၊ ကွက်သစ်ပိုင်းနေ အသက် ၆၀ နှစ် ဦးအေး၊ အသက် ၇၅ နှစ် ဦးစိုးကြီး၊ အသက် ၅၈ နှစ် ဒေါ်မထွေးတို့ ၃ ဦးသေဆုံးခဲ့ပြီး အသက် ၈ နှစ် မစုစုစမ်းနဲ့ မိခင်ဖြစ်သူ အသက် ၅၂ နှစ် ဒေါ်မြတို့ ဒဏ်ရာရခဲ့ကာနေအိမ် ၃ လုံးခန့်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ညောင်လှတိုက်ပွဲမတိုင်ခင် ဇွန်လ ၁၆ ရက် မနက်ပိုင်းမှာလည်း အဲ့ဒီစစ်ကြောင်းနဲ့ အောင်ရတနာစျေး အနီး တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူတွေလည်းရှိနိုင်တယ်လို့ တပ်ရင်း ၁ ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်စစ်ကြောင်းဟာ ညောင်လှကျေးရွာအတွင်းတပ်စွဲခဲ့ပြီး ဇွန်လ ၁၇ ရက် ယမန်နေ့မှာ ကျောက်ခွက်နဲ့ကျောက်စွယ်ရွာတွေဘက်ကို စစ်ကြောင်းဆက်ထိုးကာ ဒီကနေ့ ဇွန်လ ၁၈ ရက်မနက်ပိုင်းအထိ စစ်ကြောင်းက အဲ့ဒီကျေးရွာတွေအနီးမှာပဲ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကျောက်စွယ်နဲ့ကျောက်ခွက်ရွာတွေက အမျိုးသား ၄ ဦးကို ဖမ်းဆီးခံထားရပြီး စစ်ကြောင်းကြောင့် ညောင်လှ၊ ကျောက်ခွက်နဲ့ကျောက်စွယ်ရွာက ဒေသခံတွေဘေးလွတ်ရာကိုတိမ်းရှောင်နေကြပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။