■ ရေတာရှည်နဲ့ ဆွာမြို့နယ်တွေကို စစ်ကြောင်းတွေဝင်ရောက်နေလို့ တိုက်ပွဲပြင်းထန်နေ
ဆွာ၊ ဇွန် ၆၊၂၀၂၆။
ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ စစ်တပ်စခန်း ၁ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့်အပါ ၂၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၃ ရက် မနက် ၅ နာရီကျော်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဆွာမကြီး(ဆွာရွာမ) ကျေးရွာမှာ အင်အား ၆၀ ခန့် တပ်စွဲထားတဲ့ စစ်တပ်စခန်းနဲ့ မနက် ၆ နာရီခွဲမှာ ရွာသစ်ကျေးရွာစစ်တပ်စခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဆွာမကြီးရွာစခန်းတိုက်ခိုက်မှုမှာ အမှတ် ၆၀၁၇ တင့်ကားတပ်ရင်းမှ ဗိုလ်မှူးကျော်လင်းအောင် အပါအဝင် ၂၀ ကျော်သေဆုံးပြီး အထိအခိုက်များစွာဖြင့် ဆုတ်ခွါထွက်ပြေးသွားခဲ့ကာ ၁ နာရီကျော်ကြာ တိုက်ခိုက်ပြီးတဲ့နောက် ဆွာမကြီးစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။


တိုက်ပွဲအတွင်း G-3 သေနတ် ၁၁ လက်၊ MA-3 ၁ လက်၊ MA-11 ၁ လက်၊ ပစ္စတို ၁ လက် နဲ့ ခဲယမ်းမျိုးစုံ ၁၀၀၀ ကျော် ၊ အီနာဂါဗုံးသီး ၅ လုံး၊ မိုင်း ၅ လုံး ၊ ၆၀ မမ ပို့ယမ်း ၁၅ တောင့် ၊ ကျည်ဘောက်မျိုးစုံ ၉ ခု၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာပါ။
လက်ရှိမှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေတာရှည်နဲ့ဆွာမြို့နယ်အတွင်းကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး နေပြည်တော်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ဗျူဟာ(၁၈၊ ၁၉)တပ်ရင်းတွေ၊ နေပြည်တော်နဲ့ ရေတာရှည် ပကဖ၊ ၃၅၀၄ တပ်ရင်း၊ ပူးပေါင်းမဟာမိတ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့ သိရပါတယ်။