သဲကုန်း၊ ဇွန် ၅၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ လင်းလဲကျေးရွာအုပ်ချုပ်ရေးမှူးကို နေအိမ်ထိ သွားရောက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ပြည်ခရိုင် ၃၆၀၁ တပ်ရင်းက ဇွန် ၅ ရက် ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၃ ရက် ည ၉ နာရီခွဲမှာ လင်းလဲကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၅ နှစ်အရွယ် ခင်း၀င်း (ခ) ရှမ်းကြီးရဲ့နေအိမ်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ လင်းလဲရွာထဲကိုသွားလည်းပြီးရော သူ့အိမ်မှာရှိနေတဲ့အချိန် သူကိုခေါ်ထုတ်ပြီးတော့ သူ့အိမ်ရှေ့မှာတင်ပဲ ကျနော်တို့ပစ်ခတ်ရှင်းလင်းလိုက်တာပါ။ သေနတ်က ၂ ချက်ပစ်တာပေါ့နော်။ ခေါင်းကိုပဲ ၂ ချက်လုံး မှန်သွားတာ။”လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြား တာဝန်ခံ Shadow က မြေလတ်အသံကိုပြောပါတယ်။
ဒီပစ်ခတ်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်ခရိုင် တပ်ရင်း ၁ တပ်ခွဲ ၄ နဲ့ တပ်ရင်း ၂ တပ်ခွဲ ၄ တပ်ဖွဲ့၀င်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်နဲ့ ဆက်သွယ်ထားတဲ့ ဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။

“ကျနော်တို့ မရှင်းခင်ပေါ့နော်၊ သူ့ကိုဆက်မလုပ်ဖို့ကို ဖုန်းနဲ့လှမ်းပြီးတော့မှတားမြစ်တာမျိုး ရှိတယ်ပေါ့နော်။ သူကဂရုမစိုက်ဘူး။ PDF မကြောက်လို့တို့ဘာတို့ အမြဲတမ်းစိန်ခေါ်နေတဲ့ကောင် အဲ့ဒါကြောင့်မလို့ ကျနော်တို့ကလည်းပဲ ပြတ်ပြတ်သားသားပဲ အရေးယူဆောင်ရွက်တာ”လို့ အထက်ပါတာ၀န်ခံက ပြောပါတယ်။
သေဆုံးသွားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟာ PDF မကြောက်လို့အုပ်ချုပ်ရေးမှူး တက်လုပ်တာလို့ ဒေသခံပြည်သူတွေကို အမြဲပြောလေ့ရှိပြီး အုပ်စုအတွင်းမှာလည်း အိမ်ထောင်စု တစုကို စစ်မှုထမ်းကြေး ၅ သောင်းမှ ၁ သိန်းထိ ကောက်ခံသလို ပုတီးကုန်းရဲစခန်းက နယ်ထိန်းနဲ့ ပူးပေါင်းပြီး အရက်ဆိုင်နဲ့ လောင်းကစားဒိုင်တွေကိုလည်း ငွေကြေးများကောက်ခံပေးတာအပြင် စစ်ကော်မရှင်တပ်ဖွဲ့၀င်တွေနဲ့ ပူးပေါင်းပြီး ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူတွေကို ဆဲဆိုလေ့ရှိသူဖြစ်တာကြောင့်အခုလိုအရေးယူလိုက်ရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့လယ် ၂ နာရီခန့်ကလည်း ပုတီးကုန်းမြို့၊ ညောင်၀င်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်မင်း (ခ) ကုလားဆိုသူကို တပ်ရင်း ၂ တပ်ခွဲ ၄ တပ်ဖွဲ့၀င်တွေက နေအိမ်မှာသေနတ်နဲ့ ပစ်ခတ်ရာ သေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း