စစ်ကိုင်း၊ စက်တင်ဘာ ၁၄၊၂၀၂၆။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ရဲတပ်ရင်း ၁၆ အနီးမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရမ်းသန်းပြန်ပစ်လို့ အနီးက မြေပဲနှုတ်နေတဲ့ တောင်သူတဦးသေဆုံးကာ တဦးဒဏ်ရာရရှိခဲ့ကြောင်း လင်းယုန်ညီနောက်ပြောက်ကျားတပ်ဖွဲ့ကဆီက သိရပါတယ်။
မုံရွာ န.မ.ခ ကနေ စက်တင်ဘာ ၁၃ ရက်မနက် ၁၀ နာရီကျော်လောက်က ထွက်လာတဲ့ ခဲယမ်းနဲ့ စက်သုံးဆီတွေသယ်လာတဲ့ ၁၂ ဘီးကား ၂ စီးနဲ့ စစ်အင်အား ၄၀၀ ဝန်းကျင်လောက်တင်လာတဲ့ သံပြားကာ ကား ၉ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရလို့ အဲဒီယာဉ်တန်းဘက်ကပြန်ပစ်တာကြောင့် အနီးက မြေပဲစိုက်ခင်းမှာ မြေပဲနှုတ်နေတဲ့ ရဲတပ်ရင်း ၁၆ ရဲ့ မျက်နှာချင်းဆိုင် ညောင်ပင်ဇင်ရွာက အသက် ၂၅ နှစ်အရွယ် ကိုဝေဇင်ဦး သေဆုံးပြီး၊ အဲဒီရွာသား အသက် ၇ဝ နှစ်အရွယ် အမျိုးသားကြီး ၁ ဦး ခြေထောက်မှာ သေနတ်ကျည်ဆံဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
“၆ စီးမြောက်ကားကို မိုင်းပွိုင့်ကြီး ၂ လုံးတွဲ ၁ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ ပျက်သွားတဲ့ ကားနဲ့ သေတာတွေ ထိခိုက်တဲ့ဟာတွေကို နာရေးကားတွေ လိုက်ထရပ်ကားတွေနဲ့ စစ်ကိုင်းဘက်ကို သယ်သွားပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူကတော့ မြေပဲနှုတ်နေရင်း ဖြစ်ကြတာပါ”လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတဦးကပြေပါတယ်။
လက်ရှိမှာလည်း အဆိုပါရဲတပ်ရင်း ၁၆ အနီးမှာ စစ်အုပ်စုရဲ့ ကင်းပုန်းတွေ အများအပြားရှိနေပြီး အဲဒီနေ့က တိုက်ခိုက်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေလည်း အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။
လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ဟာ စက်တင်ဘာ ၂ ရက်နေ့ကလည်း စစ်ကိုင်း တပ်မ ၃၃ ကနေ မုံရွာနမခကို သွားတဲ့ စစ်ယာဉ်တန်းကို ကုန်းရွာ ရေမြောင်းဘောင်ရှေ့ကနေ လုံခြုံရေးယူကာ ဆက်ကြေးကောက်နေတဲ့ စစ်အပ်စုဝင်တွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
သတင်း – သော်တာအောင်