မန္တလေး၊ စက်တင်ဘာ ၁၂၊ ၂၀၂၆။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၈၉ လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်းကြားမှာ ဓါတ်တိုင်ပေါ်တက် မီးပြင်နေတဲ့ EPC ဝန်ထမ်း ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သေဆုံးသူက မဟာအောင်မြေမြို့နယ်လျှပ်စစ်ရုံးဝန်ထမ်း အသက် ၃၀ ကျော်အရွယ်အမျိုးသားဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်ညနေ ၄ နာရီ မိနစ် ၂၀ ခန့်မှာ မီးကြိုးတက်ပြင်နေစဥ် ရုတ်တရက်မီးလာပြီး ဓာတ်လိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပြင်နေရင်းနဲ့မီးလွတ်လိုက်တယ်လို့ သိရတယ်။ နေရာမှာတင်ဆုံးတာ။ သူနဲ့အတူလုပ်တဲ့ ဝန်ထမ်းတွေပြောပုံအရက ဒီမှာ အလုပ်လုပ်နေချိန် ရုံးမှာဂျူတီချိန်းတဲ့အချိန်မှာ မီးလွှတ်လိုက်တယ်လို့တော့သိရတယ်။”လို့ ဖြစ်စဥ်ကိုသိထားတဲ့မြို့ခံက ပြောပါတယ်။
ဓာတ်လိုက်တာကြောင့် အဆိုပါ လျှပ်စစ်ဝန်ထမ်းအမျိုးသားမှာ ခန္ဓာကိုယ်အနှံ့ အရေပြားမီးလောင်ဒဏ်ရာတွေရပြီး နေရာမှာတင်သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဓာတ်လိုက်သေဆုံးသွားတဲ့အမျိုးသားအလောင်းကိုတော့ မြို့ခံလူမှုကူညီရေးအသင်းကကောက်ယူပြီး မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးလိုက်ရတယ်လို့ သိရပါတယ်။
အဲ့ဒီနေ့က တနိုင်ငံလုံးအတိုင်းအတာနဲ့ မနက် ၆ နာရီ ၂၈ မိနစ်နဲ့ နေ့လယ် ၁ နာရီ ခန့်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့တယ်လို့ သိရပြီး မန္တလေးနဲ့ ရန်ကုန်မြို့ကြီးတွေမှာတော့ တရက်တည်း ၄ ကြိမ်ခန့် မီးပြတ်တောက်ခဲ့ကာ တကြိမ်နဲ့ တကြိမ် ၂ နာရီကျော် ကြာခဲ့တယ်လို့ သိရပါတယ်။
ဓာတ်အားပြတ်တောက်မှု System Breakdown ဟာ ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းက ချို့ယွင်းမှုဖြစ်ပြီးပြတ်တောက်ခဲ့တာလို့ စစ်တပ်လက်အောက်ခံ လျှပ်စစ်ဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စက်တင်ဘာ ၈ ရက်ကလည်း အောင်မြေသာဇံ မြို့နယ်၊ ၇၉ လမ်းနဲ့၂၃ လမ်းထောင်မှာ ဝိုင်ဖိုင်တက်ပြင်တဲ့ လူငယ်တဦး ဓာတ်လိုက်မှုဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။