အုတ်ဖိုမှာ စစ်ကြောင်းကြောင့်နေရပ်မပြန်နိုင်သေးတဲ့စစ်ရှောင်တွေ အရေးပေါ်အကူညီလိုအပ်

0 0
0 0

အုတ်ဖို၊ မေ ၂၇၊၂၀၂၆။

ပဲခူးတိုင်းအနောက်၊ အုတ်ဖိုမြို့နယ်အရှေ့ဘက်ရှိကျေးရွာတွေမှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးတပ်စွဲနေတာကြောင့် စစ်ရှောင်နေရတဲ့ဒေသခံတွေမှာ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ရှောင်တွေကိုကူညီနေသူတွေဆီက သိရပါတယ်။

မေ ၂၇ ရက် ဒီကနေ့အထိ စစ်ကော်မရှင်တပ်စစ်ကြောင်းက နှောကုန်း‌၊ မြောင်၊ မျောက်ချောပင်၊ ရှားစေးဖို၊ ကိုင်းကြီးကျေးရွာတွေမှာ အင်အား ၇၀ နီးပါးနဲ့ တပ်စွဲထားဆဲဖြစ်တာကြောင့် ဒေသခံတွေမှာ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ်အကူအညီတွေလိုအပ်နေတာလို့ ဆိုပါတယ်။

“တိုက်ပွဲထပ်ဖြစ်တာမျိုးတော့ မရှိသေးဘူး။ အရင်စိုးမိုးနယ်မြေလို့ ပြောလို့ရတယ်။ စစ်ကြောင်းပြန် မဆုတ်သေးဘူး။ တိုက်ပွဲဖြစ်တဲ့ရွာကနေ နောက်နည်းနည်းပြန်ဆုတ်သွားတယ်။‌ အဓိက လိုအပ်တာတော့ စား‌သောက်ကုန်နဲ့ ဆေးဝါးပါ”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဟာ မေ ၂၁ ရက်ကစတင်စစ်ကြောင်းထိုးလာတာကြောင့် အုတ်ဖိုမြို့နယ်ထဲက သရက်တော၊ ထွက်တိုး၊ စံပြ၊ ကိုင်းကြီး၊ ကိုင်းကလေး၊ မအူတန်း၊ ကြို့ကိုးပင်၊ ကျွဲဖြူမ၊ ဂွေးချိုကွင်း၊ ရှားစီးဖိုကျေးရွာအပါ ရွာပေါင်း ၃၀ နီးပါးက ဒေသခံ ၁ ထောင်ကျော် စစ်ရှောင်နေရတာလို့ သိရပါတယ်။

“စစ်ကြောင်းက ရွာတွေထဲရှိပါသေးတယ်။ အမိုးအကာ၊ဆေးဝါး စားနပ်ရိက္ခာလိုပါတယ်။ စစ်ရှောင်တွေ အိမ်ထောင်စုထောင်ချီပါတယ်”လို့ ‌စစ်ရှောင်‌တွေကိုကူညီဆောင်ရွက်‌နေသူတဦးက ပြောပါတယ်။

အဲ့ဒီစစ်ကော်မရှင်စစ်ကြောင်းဟာ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာမှာရှိတဲ့ အမှတ် ၆ ခြေမြန်တပ်ရင်း (ခမရ၆) ထဲမှာ စုဖွဲ့ပြင်ဆင်မှုတွေပြုလုပ်ပြီးနောက် အင်အား ၃၀၀ ကျော်နဲ့ မြို့ရဲ့ ၅ မိုင်၀န်းကျင်ရှိ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး တိုက်ပွဲတွေတော့မရှိတော့ဘူးလို့ ဆိုပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။