SRF တပ်ရင်းမှူးအပါ ဖမ်းဆီးခံထားရသူတွေကိုပြန်လွှတ်ဖို့ ဒေသခံတွေဆန္ဒပြ

0 24
0 24

■ ဘယ်လိုအခက်အခဲကြုံကြုံ စစ်တပ်နဲ့ပူးပေါင်းမှာမဟုတ်ဟု SRF ပြော

မင်းကင်း၊ မေ ၂၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော်-SRF ဥက္ကဌ အပါအဝင် ၂ ဦးကို မင်းကင်းမြို့နယ် ပသုံးလုံးကဖမ်းဆီးခဲ့ပြီး ဒီဖမ်းဆီးမှုအပေါ်ဒေသခံတွေကလည်း ဆန္ဒပြခဲ့ကြတယ်လို့ SRF ပြောခွင့်ရ မသူသူက ပြောပါတယ်။

SRF ဥက္ကဌ စံတင်ထွန်းကို မေ ၂၆ ရက် ညနေ ၅ နာရီခန့်မှာ မင်းကင်းမြို့နယ် ပအဖ၊ ပကဖ တပ်ရင်းတွေကဖမ်းဆီးခဲ့ပြီးနောက် တဆက်တည်းမှာပဲ SRF တပ်ရင်းမှူး ၁ ဦးကိုပါဆက်လက်ဖမ်းဆီးရာ တပ်ရင်းမှူးကိုမမိတဲ့အတွက် အမျိုးသမီးဖြစ်သူကို ဖမ်းခေါ်သွားခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့လည်း သတင်းကညပိုင်းမှ သိရတာ၊ တိုက်ရိုက် အဆက်အသွယ်ရတာတော့ မဟုတ်ဘူး၊ တဆင့် ဆက်သွယ်လာပေးတာ၊ တပ်ရင်းမှူး အပါအဝင် ရဲဘော် ၄ ယောက်နဲ့ တပ်ရင်းမှူးနဲ့ ၅ ယောက်က ဖောက်ပြီးတော့ ထွက်ပြေးလာခဲ့တယ်၊ လက်နက်တွေတော့ ထားခဲ့တယ်၊ ထားခဲ့ပြီးတော့ ကျနော်တို့ရဲ့စစ်ဒေသ တနေရာကို ရောက်နေတာ၊ အဲဒီရောက်နေတဲ့ အခြေအနေမှာ တပ်ရင်းမှူးကို ပြန်ဖမ်းကြတဲ့ အခြေအနေပေါ့၊ ဖမ်းကြတဲ့အချိန်မှာ တပ်ရင်းမှူးဖမ်းမရလို့ တပ်ရင်းမှူးအမျိုးသမီးကို ဖမ်းခေါ်သွားတဲ့ အခြေအနေရှိတယ်။” လို့ မသူသူခိုင်က ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးချိန်မှာ ပသုံးလုံးဘက်ကပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ပြီး လက်ရှိမှာတော့ ပသုံးလုံးဖက်က ဆေးကုသမှုပြန်ပေးနေတယ်လို့ မသူသူက ပြောပါတယ်။

ဒီကနေ့ မေ ၂၇ ရက် မနက်ပိုင်းမှာလည်း ကိုစံတင်ထွန်းကို ထောက်ခံတဲ့ရွာ ၃ ရွာက ရာနဲ့ချီတဲ့ ဒေသခံတွေက SRF ဥက္ကဌ ကိုစံတင်ထွန်းအပါ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာလို့ ဆိုပါတယ်။

အခုလို မိတ်ဖက်ပဋိပက္ခနဲ့ အခက်အခဲတွေဘယ်လောက်ပဲရှိလာပါစေ SRF အနေနဲ့ လက်နက်ကိုင် လက်တုန့် ပြန်တာတွေ၊ စစ်ကော်မရှင်ဆီဘက်ပြောင်းခိုလှုံတာတွေ ပြုလုပ်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

“ကျနော်တို့က လုံးဝပြောလို့ရပါတယ်၊ ဘယ်လို အကြပ်အတည်းပဲ ဖြစ်နေဖြစ်နေ ဒီပကဖတွေအနေနဲ့ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ MOD အနေနဲ့ လက်နက်သုံးပြီး ဖြေရှင်းလာတဲ့အပေါ် စစ်ရေးအရ ပြန်တုန့်ပြန်ဖို့ မရှိသလို ကျနော်က MODရဲ့ တာဝန်ရှိသူတွေတင် မကပေါ့နော် NUGရဲ့ အစိုးရတခုလုံး ကိုယ်စားပြုထားတဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်၊ ညှိနှိုင်းမှု ဆွေးနွေးမှုကိုပဲ လက်ခံသွားမယ်၊ အဲဒါတွေပဲလုပ်ချင်တယ်။” လို့ မသူသူခိုင်ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဩဂုတ် ၂၈ ရက်၊ ၂၀၂၆ မေ ၁၀ ရက်နဲ့ မေ ၂၁ ရက်တို့မှာ SRF တပ်ဖွဲ့ဝင် ET၊ ယက္ခ၊ နှံကောင်၊ အောင်ကိုလတ်၊ နေလင်းဦးနဲ့ ဂျိုးလေးတို့ကို မင်းကင်းမြို့နယ် ပသုံးလုံးက ဖမ်းဆီးထားခဲ့ပြီး တပ်ဖွဲ့နဲ့ရော မိသားစုဝင်တွေနဲ့ပါအဆက်အသွယ်မရခဲ့ဘူးလို့ မေ ၂၂ ရက်မှာ SRF က ထုတ်ပြန်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။