တံတားဦး၊ မေ ၂၅၊ ၂၀၂၆။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ အိမ်စီးကား ၁ စီးတိမ်းမှောက်ပြီး အမျိုးသမီး ၂ ဦးသေဆုံးပြီးနောက် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။
မေလ ၂၅ ရက်မနက် ၉ နာရီမှာ မိတ္ထီလာကနေမန္တလေးဘက်ကို မောင်းလာတဲ့ TOYOTA KLUGER အနက်ရောင်ယာဥ်ဟာ လမ်းအတိုင်းမောင်းနှင်လာချိန် ကားလမ်းမိုင်တိုင်အမှတ် ၃၃၃/၆ နဲ့ ၃၃၃/၇ အရောက်မှာတိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
“ရှေ့ဘီးပေါက်ပြီးတော့ လမ်းဘေးထိုးကျတာ။ သံဆူးကြိုးစည်းရိုးကာထားတဲ့အထဲ ဝင်သွားတာ။ သံဆူးကြိုးတွေ ဖောက်ဝင်တော့ ယာဥ်မောင်းရဲ့အမျိုးသမီးကတော့ တံတောင်ဆစ်လောက်ကနေ လက်ပြတ်ပြီး နေရာမှာတင်ဆုံးတာ။ ကားကလည်းစုတ်ပြတ်သတ်သွားတယ်။ နောက်အမျိုးသမီး ၁ ယောက်လည်းနေရာမှာတင်ဆုံးတာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။

ယာဥ်တိမ်းမှောက်မှုအတွင်း မိတ္ထီလာမြို့နေ အသက် ၄၀ နဲ့ ၅၀ ကြား ညီအမ ၂ ယောက်သေဆုံးပြီး အသက် ၅၅ နှစ်အရွယ် ယာဥ်မောင်းအမျိုးသား၊ အသက် ၉ နှစ်အရွယ်သမီးဖြစ်သူနဲ့ အသက် ၃ နှစ်အရွယ် သားဖြစ်သူမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ထိခိုက်သေဆုံးသူတွေကို ကူညီဆောင်ရွက်ပေးခဲ့သူတွေက တံတားဦးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားကြရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၅ ရက်ကလည်း ရေတာရှည်မြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ယာဥ်တိုက်မှုဖြစ်ပြီး ယာဥ်မောင်းသေဆုံးကာ ခရီးသည် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း