ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးတဲ့ ကလေးငယ် ၄ ဦး ရေနစ်သေဆုံး

0 11
0 11

ပဲခူး၊ မေ ၂၃၊ ၂၀၂၆။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာအနီးရှိ ဇလပ်ထော် ရေလှောင်တမံအတွင်း ရေဆင်းကူးတဲ့ကလေးငယ်တွေ ရေနစ်‌သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရေနစ်သေဆုံးသူတွေဟာ ပဲခူး အမှတ် ၆ ရပ်ကွက်နေ အသက် ၁၀ နှစ်အရွယ် မောင်ဖြိုးဇာနည်လင်း (G 4 EC ကိုယ်ပိုင်အထက်တန်းကျောင်း)၊ အသက် ၁၁ နှစ်အရွယ် မပိုးဝတီ (G 5 အလက ၈)၊ အသက် ၁၃ နှစ်အရွယ် မစုပုံချစ် (G 6 အလက ၁၀)၊ အသက် ၁၀ နှစ်အရွယ် မသဒ္ဒါရွှန်းလဲ့ (G 4 အထက ၁) တို့ ဖြစ်ပြီး မေလ ၂၂ ရက် နေ့လယ် ၁ နာရီကျော်မှာ ရေနစ်တာကိုသိရတယ်လို့ ဆိုပါတယ်။

“သွားတာက ၅ ယောက်။ ၃ ယောက်ကရေကစားနေရင်းနစ်တာကို ၁ ယောက်က ဆင်းဆယ်ရင်း သူပါနစ်တာ။ ၁ ယောက်တော့ရှင်တယ်။ ဘယ်လိုရောက်သွားကြလဲတော့ သေချာမသိရဘူး။ နေတဲ့အိမ်နဲ့ ဇလပ်ထော်နဲ့ကအဝေးကြီး။ ကြားထဲမြို့ရှောင်လမ်းခြားသေးတယ်။ “လို့ ဖြစ်စဥ်ကိုသိထားတဲ့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ကျန်ခဲ့တဲ့ကလေးငယ်က ဘေးပတ်ဝန်းကျင်ကိုအကူအညီတောင်းရာမှာ မြို့ခံလူမှုကူညီရေးအသင်းတွေနဲ့ မြို့နယ်မီးသတ်အဖွဲ့တွေ ဝိုင်းဝန်းရှာဖွေရာက အလောင်းတွေပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

အလောင်းတွေကို ပဲခူးပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် နေအိမ်ပြန်သယ်လာပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၆ ရက်ကလည်း ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၉ ရပ်ကွက်က ရေနုတ်မြောင်းထဲမှာ ကလေးဆေးဖိုးအတွက် ဘူးခွံဆင်းကောက်သူ အမျိုးသမီး ရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။