ရွှေဘို၊ ချီပါရွာ လေကြောင်းတိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး

0 1
0 1

ရွှေဘို၊ မေ ၂၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်တောင်ခြမ်းရှိ ချီပါရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ရွေဘိုမြို့နယ်ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။

မေလ ၂၂ ရက်မနက် ၁၁ နာရီ မိနစ် ၄၀ ကနေ မိနစ် ၂၀ အကြာ စက်တပ်လေထီး ၂ စီးက ရွာထဲကို ဗုံး ၂ လုံးကြဲပြီးနောက် ၁၀ မိနစ်အကြာမှာ နောက်ထပ် Suicide Drone ၃ စီးကလည်း တပြိုင်နက်တည်း ရွာထဲကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရွာမြောက်ပိုင်း လူနေအိမ်ဝန်းတွေထဲ ကျတယ်။ တနေရာတည်းမဟုတ်ဘူး။ လမ်းဘေးတွေလည်း ကျတယ်။ လယ်ကြားတွေထဲလည်းကျတယ်။ ရွာထဲကိုဦးတည်ချတာ။” လို့ ရွှေဘိုမြို့နယ်ပကဖ တာဝန်ရှိသူကပြောပါတယ်။

ဗုံးထိမှန်တာကြောင့် အသက် ၈၀ ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့ ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး အသက် ၃၀ ကနေ ၅၀ ကြား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၆ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ချီပါကျေးရွာထဲမှာ တော်လှန်ရေးအဖွဲ့တွေနေထိုင်တာမရှိသလို တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရချိန် ရွာခံတွေမှာ နေအိမ်တွေရှိဗုံးခိုကျင်းတွေထဲ ဝင်ရောက်ပုန်းအောင်းခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်မှုတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မေလ ၁၁ ရက်ညကလည်း ရွှေဘိုမြို့နယ်၊ မဲတောကျေးရွာကို လေကြောင်းကနေဗုံးကြဲခံရတာကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။