ဘုတလင်မှာ မိုင်းနင်းမိလို့ မိသားစု ၃ ဦးသေဆုံး

0 8
0 8

ဘုတလင်၊ မေ ၂၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာမှာ မိုင်းနင်းမိပြီး မိသားစု ၃ ဦး သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။

မေ ၂၂ ရက်မနက် ၇ နာရီခန့်မှာ စစ်ရှောင်ရာကနေ ရွာထဲပြန်ဝင်လာကြတဲ့ ရွာခံမိသားစု ၃ ဦးဟာ ရွာလမ်းပေါ်မှာ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

“စစ်ကြောင်းဝင်တော့ ရွာကလူတွေ ရှောင်နေကြတာ။ မနေ့ကမနက် စစ်ကြောင်းပြန်ထွက်သွားတော့ ပြန်ဝင်ကြတာမှာ ရွာထဲမှာထောင်ထားတာကိုမသိဘဲ နင်းမိတာ”လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုင်းနင်းမိတာကြောင့် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူနဲ့အသက် ၃၀ ကျော်ဝန်းကျင်အရွယ် မိဘ ၂ ဦးတို့နေရာမှာတင်သေဆုံးခဲ့ပြီး အလောင်းတွေကိုတော့ ရွာခံတွေကပင်ကျေးရွာသုဿာန်မှာ သင်္ဂြိုဟ်လိုက်ကြတယ်လို့ ဆိုပါတယ်။

မေလ ၂၁ ရက်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ကံသစ်ရွာကိုရောက်လာပြီး တပ်စွဲနေထိုင်နေတာကြောင့် ကျေးရွာနေပြည်သူအားလုံးဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပြီး စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ရွာထဲပြန်ဝင်နေကြပြီလို့ သိရပါတယ်။

မေလ ၉ ရက်ကလည်း မုံရွာမြို့နယ်၊ ဘူးတောင်းကန်ကျေးရွာမှာ စစ်ကော်မရှင်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။