ပြင်ဦးလွင်၊ မေ ၁၈၊ ၂၀၂၆။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရေချမ်းအိုး (တောင်) ရွာအနီး ဒေသအခေါ် ဖက်ဆွတ်ကန်အတွင်း ရေဆင်းကူးတဲ့ ဆယ်ကျော်သက်အရွယ် ကလေး ၃ ဦး ရေနစ်သေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတွေဆီက သိရပါတယ်။
သေဆုံးသူတွေဟာ ခရစ်ယာန်ကျောင်းမှာနေထိုင်တဲ့ အသက် ၁၂ ကနေ ၁၄ နှစ်အရွယ်ကြားရှိ ယောက်ျားလေး ၃ ဦးဖြစ်ပြီး မေလ ၁၇ ရက်ညနေ ၃ နာရီခန့်ကစတင်ရေဆင်းကူးရာမှ ရေနစ်သွားကြတာလို့ ဆိုပါတယ်။

“ဖက်ဆွတ်ကန်က ရေနက်တယ်လေ။ သောက်သုံးရေကန်မဟုတ်ဘူး။ ဒီအတိုင်းရေကန်ကြီးပဲ။ ကျနော်တို့သိတဲ့အချိန်က ညနေ ၅ နာရီလောက်ရှိပြီး။ အဲဒီမှာရှာမှ အလောင်းပြန်တွေ့တာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။
ရပ်ကွက်နေသူတွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ ရေငုပ်ကျွမ်းကျင်သူတွေရှာဖွေခဲ့ရာ ညနေ ၆ နာရီမထိုးခင်မှာ အလောင်းတွေကိုရှာဖွေတွေ့ရှိပြီး လူမှုကူညီရေးအသင်းတွေက ပြင်ဦးလွင်ဆေးရုံကိုပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီရေကန်ဟာ အနက် ၁၀ ပေကျော်ရှိပြီး ဒေသခံတွေအသုံးမပြုတဲ့ရေကန်ဟောင်း ၁ ခုဖြစ်တယ်လို့ သိရပါတယ်။
စာတည်း – လင်း