ဆောမြို့ထဲမှာ စစ်တပ်ကအင်အားရာကျော်နဲ့တပ်ဖြန့်ပြီး ဒေသခံတွေကိုဖမ်းဆီးနေ

0 124
0 124

ဆော၊ မေ ၁၅၊ ၂၀၂၆။

မကွေးတိုင်း၊ ဆောမြို့ထဲကို မေ ၁၄ ရက်ညနေ ၃ နာရီကျော်မှာ စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်လာပြီး ဒေသခံတွေကိုလည်းဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မေ ၁၄ ရက်ညနေ ၃ နာရီမှာ လောင်းရှည်ကနေ ဗိုလ်မှူးကြီးမျိုးအောင် ဦးဆောင်တဲ့ အင်အား ၃၅၀ ကျော်ပါစစ်ကြောင်းဟာ မြို့ထဲကိုရောက်လာပြီးနောက် မြို့တော်ခန်းမ၊ မီးသတ်ကုန်းနဲ့ ဘုန်းကြီးကျောင်းတွေမှာတပ်စွဲပြီး မြို့ထဲမှာလိုက်လံစစ်ဆေးပြီး ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

“အဲ့နေရာတွေမှာ စတည်းချပြီးတော့ တမြို့လုံးကိုတော့ အင်အားဖြန့်ကျက်ထားလိုက်ပြီး။ ညတုန်းကတော့ ၇ နာရီလောက်ကစပြီးတော့ ဆိုင်းဘုတ်တပ်ထားတဲ့စျေးဆိုင်တွေကို ဦးစားပေးမွှေတယ်။ လိုချင်တဲ့ဟာယူတယ်။ မသင်္ကာတဲ့သူတွေကို ဖမ်းခေါ်ထားတယ်။ ပြီးတော့ မီးသတ်ကုန်းကို အကုန်ခေါ်သွားတယ်။ လူငယ်လူရွယ်အယောက် ၂၀ ကျော်တယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

ကနဦးဖမ်းဆီးထားသူ ၂၀ ကျော်ရှိပြီး အနည်းဆုံး ၁၅ ဦးကိုတော့ မေလ ၁၅ ရက်မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီးနောက် အကြည်ကတင်း၊ အညာကတင်းကျေးရွာတွေကို ကင်းပတ်နေကာ တချို့နေရာတွေမှာ ဒရုန်းတွေနဲ့လည်းဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းကြောင့် ဆောမြို့ပေါ်ကဒေသခံတချို့ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပြီး ဖမ်းဆီးခံရသူတွေကတော့ မြို့ပေါ်ကနေမပြေးဘဲနေထိုင်နေကြသူတွေဖြစ်တယ်လို့ အထက်ပါမြို့ခံက ဆက်ပြောပါတယ်။

ပေါက်ကနေ ကျောက်ထုဘက်ကိုလာတဲ့ အင်အား ၄၀၀ ခန့်ပါ ဗိုလ်မှူးသိုက်အောင်မောင်း ဦးစီး စစ်ကြောင်းကလည်း မေလ ၁၄ ရက်ညပိုင်းမှာ တပြင်ရွာကိုရောက်ပြီး မေလ ၁၅ ရက်ဒီမနက်ပိုင်းထိ တပ်စွဲထားတယ်လို့ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ ပေါက်မြို့နယ်ကနေ ပုံတောင် တောင်ကိုတက်လာချိန် မေလ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက် ပုံတောင်တဝိုက်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးသူရှိသလို ဒေသကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးလည်း သေဆုံးထားတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းတွေဟာ မေလ ၁၂ ရက်ကတည်းက ပေါက်၊ လောင်းရှည်မြို့တွေကနေ စစ်ကြောင်းထိုးလာကြပြီး စုပေါင်းအင်အား ၁,၀၀၀ ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။