⁨ရွှေဘို ပျူစောထီးစခန်းတိုက်ပွဲမှာ ၂ ဖက်သေဆုံးမှုရှိပြီး စစ်တပ်ကအင်အားသုံးလေကြောင်းတိုက်ခိုက်

0 0
0 0

ရွှေဘို၊ မေ ၁၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းနဲ့ မင်းကုန်းရွာရှိ ပျူစောထီးစခန်းတိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က လေကြောင်းအလွန်အကျွံသုံးတိုက်ခိုက်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်းရှိတယ်လို့ တိုက်ပွဲပါကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မေလ ၁၄ ရက်မနက် ၅ နာရီခန့်မှာ အင်အား ၁၀၀ ခန့်ရှိ ပလိုင်းရွာပျူစောထီးစခန်းနဲ့ မနက် ၆ နာရီခန့်မှာ အင်အား ၇၀ ခန့်ရှိ မင်းကုန်းရွာပျူစောထီးစခန်းတို့ကို ဒေသခံတော်လှန်ရေးတပ်ပေါင်းစုတွေက အသီးသီးဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

တိုက်ပွဲဖြစ်ချိန် စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာ၊ Y12၊ စက်တပ်လေထီး၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ အမြောက်အများ ဗုံးကြဲပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ပလိုင်းဘက်ကို လေကြောင်းက ပိုသုံးသွားတယ်။ ကျနော်တို့ ဝိုင်းတိုက်နေတာကို။ ဂျိုင်ရို ၂ စီး၊ ဖိုက်တာက ၅ စီးကျမှာ။ Y 12 ၁ စီး၊ ကျန်တာက ဟောင်ဝစ်ဇာက ၂၅ ချက်လောက်ပစ်တယ်။ ဝေဟင်က သး၃ မျိုးသုံးသွားတယ်။ Y12 က ဗုံး ၂၀ လောက်ကြဲတယ်။ အားလုံးပေါင်းဆို ဟောင်ဝစ်ဇာကောဆို လက်နက်ကြီးကောဗုံးကော ၆၀ လောက်သုံးသွားတယ်။ လေကြောင်း ပစ်ကူကြောင့် ပြန်ဆုတ်ထားရတယ်”လို့ တိုက်ပွဲပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေဟာ နေ့လယ် ၁၂ နာရီခန့်မှာပြီးဆုံးခဲ့ပြီး မင်းကုန်းရွာမှာ စစ်ကော်မရှင်ဗိုလ် ၁ ဦး၊ ပျူစောထီး ၁ ဦးသေဆုံးပြီး ပလိုင်းရွာမှာတော့ ပျူစောထီး ၇ ဦးထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မင်းကုန်းရွာတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရကာ ပလိုင်းရွာမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးဒဏ်ရာရပြီး အသေးစိတ်အချက်အလက်ကိုတော့ တိုက်ပွဲပါတပ်ရင်းတွေကနေသတင်းထုတ်ပြန်မယ်လို့ အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ ၂ ရက်ကလည်း ရွှေဘိုမြို့နယ်၊ တာဂဏန်းကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး စစ်ကော်မရှင်ဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။