ရွှေဘို၊ မေ ၁၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မဲတောကျေးရွာကို လေကြောင်းကနေဗုံးကြဲတာကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့နီးစပ်သူဆီက သိရပါတယ်။
မေ ၁၁ ရက်ည ၉ နာရီကျော်မှာ ဂျက်ဖိုက်တာ ၁ စီးဟာကျေးရွာထဲကို ဗုံး ၃ လုံးကြဲချခဲ့ရာ ရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအနီးကို ကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။
“အဲ့နားမှာ ရဲဘော်လည်းမရှိဘူး။ ဘုန်းကြီးကျောင်းကိုအဓိကထားတာ။ ကျောင်းဝန်းထဲတော့ မကျဘူး။ ဘုန်းကြီးကျောင်းနားရှိတဲ့ ပြည်သူတွေတော့ထိကုန်တာ။” လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဗုံးကြဲခံရမှုကြောင့် ရွာခံအသက် ၃၀ ကနေ ၅၀ ကြားရှိ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦးလည်း မစိုးရိမ်ရဒဏ်ရာရခဲ့ပြီး ဗုံးဒဏ်ကြောင့် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းမှာ ပျက်စီးမှုအချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မေ ၄ ရက်ကလည်း ရွှေဘိုမြို့တောင်ဘက်မုခ် စစ်ကော်မရှင်တပ်စွဲနေရာကနေ လွှတ်တင်လိုက်တဲ့ ဒရုန်းက ရေတော်မူကျေးရွာစာသင်ကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း