အိမ်ခြေ ၆၀၀ ကျော်မီးရှို့ခံရတဲ့ မြောက်လူးကန်ရွာကဒေသခံတွေ အကူညီလိုအပ်နေ

0 19
0 19

ပခုက္ကူ၊ ဧပြီ ၁၆၊ ၂၀၂၆။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာကို စစ်ကော်မရှင်တပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၆၀၀ ကျော်ပျက်စီးခဲ့ပြီး ဒေသခံတွေလည်း အကူညီလိုအပ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ဧပြီ ၁၂ ရက်မနက် ၈ နာရီမှာ မြောက်လူးကန်ရွာဘုန်းကြီးကျောင်းတွင်းတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၂၅ လုံး၊ စာသင်ကျောင်းအပါအဝင် လယ်ယာသုံး စက်ယန္တယားတွေလည်း မီးလောင်ပျက်စီးခဲ့ကာ ၄ ရက်ကြာထိ လာရောက်ကူညီသူတွေမရှိသေးဘူးလို့ ဆိုပါတယ်။

“ဘာမှ မလာသေးဘူး။ NUG ဘက်ကလည်း အခုအချိန်ထိမလာသေးဘူး။ ရွာခံတွေဆုံးရှုံးသွားတာက များပါတယ်။ ပဲခွဲစက်တွေ၊ မြေပဲခွဲစက်တွေ မီးထဲပါသွားတယ်။ တန်ဖိုးကြီး ရွှေငွေဆုံးရှုံးတာမရှိပေမယ့် အိမ်၊ အိုးခွက်ပန်ကန်တွေကအစ ဘာမှမရှိကြတော့တာ”လို့ ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

လတ်တလောမှာ အိမ်ခြေ ၅၀ ဝန်းကျင်သာကျန်ခဲ့ပြီး ဘုန်းကြီးကျောင်းမှာ စစ်ကော်မရှင်အင်အား ၇၀ လောက်နဲ့ရှိနေသေးတာကြောင့် ယာယီတဲတွေတောင် ပြန်ဆောက်ပြီးနေဖို့မဖြစ်နိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။

မြောက်လူးကန်ကျေးရွာဟာ သွပ်မိုးထရံကာ၊ ပျဥ်ခင်းနေအိမ်နဲ့ ထရံကာဖက်မိုးပျဥ်ခင်းနေအိမ်များပြီး အုတ်တိုက်အိမ်တွေနည်းပါးတာကြောင့် တရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ရတာလို့ ဆိုပါတယ်။

အဲ့ဒီရွာဟာ ပခုက္ကူမြို့နဲ့ ၅ မိုင်ခန့်အကွာ ပခုက္ကူလေယာဉ်ကွင်းနဲ့ ၁ မိုင်ခန့်အကွာမှာတည်ရှိပြီး ၂၀၂၄ ဇူလိုင်ကစတင်ကာ စစ်ကော်မရှင်တပ်သားတွေက လာရောက်တပ်စွဲနေတာကြောင့် ရွာခံ ၂,၀၀၀ ခန့် စစ်ရှောင်ထွက်ပြေးနေကြရတာလို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။