မင်းတုန်း၊ ဧပြီ ၁၆၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းတုန်းမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ မင်းတုန်းမြို့မရဲစခန်းနဲ့ မြို့အနောက်ဘက်အထွက်ရှိ စစ်ကော်မရှင်တပ်စွဲထားတဲ့ တာဝါတိုင်ကုန်းတို့ ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် ၂ ဦးသေဆုံးခဲ့တယ်လို့ ဧပြီ ၁၅ ရက်မှာ သရက်ခရိုင်တပ်ရင်း ၄ က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၁၄ ရက် မနက် ၈ နာရီ ၅၀ မိနစ်ကနေ ၉ နာရီခွဲအတွင်း မြို့မရဲစခန်းကို လက်လုပ် ၆၀ မမ ဗုံးသီး ၂ လုံး၊ အင်အား ၂၀ ခန့်ရှိနေတဲ့ တာဝါတိုင်ကုန်းကို လက်လုပ် ၆၀ မမ ဗုံးသီး ၆ လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“အားလုံး ဗုံးသီး ၈ လုံးချခဲ့တယ်။ မိုင်ကရိုဝေ့စခန်းမှာက ၄ လုံးက တားဂတ်(ပစ်မှတ်)ကိုထိတယ်။ ၂ လုံးက မကွဲခဲ့ဘူး။ ရဲစခန်းမှာက ရဲတပ်သား ၁ ဦးသေတယ်။ ဒုရဲအုပ်နဲ့စာရေးဒဏ်ရာရတယ်။ မိုက်ကရိုဝေ့ထဲမှာတော့ ၁ ယောက်ထိသွားတာမြင်ရတယ်”လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြာရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
အဆိုပါ ဗုံးကြဲမှုအတွင်း ရဲတပ်သား ကုလားလေးနဲ့ စစ်ကော်မရှင်တပ်သား ၁ ဦးသေဆုံးပြီး ဒုရဲအုပ် စိုးလွင်နဲ့ ဂတ်စာရေး ၁ ဦးအပါအဝင်စစ်ကော်မရှင်တပ်သားအချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ ဒရုန်းအဖွဲ့ဝင်တွေက Drone အသုံးပြုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဇန်နဝါရီ ၆ ရက်ကလည်း မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာအနီး မြို့သစ်-ကန်ပြားလမ်းပိုင်းမှာ UEC ဝန်ထမ်းတွေလိုက်ပါလာတဲ့ယာဥ်တန်းတိုက်ခိုက်ခံရပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးအပါ ၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း