မြေလတ်အသံ၊ ဧပြီ ၁၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံတွေကို ထွက်မပြေးဖို့နဲ့ အလှူနဲ့မင်္ဂလာဆောင်တွေ ပုံမှန်အတိုင်းလုပ်ဆောင်ကြဖို့ လိုက်လံပြောဆိုစည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၉ ရက်က ဝမ်ပေါင်-ယန်စီကြေးနီစီမံကိန်းအတွင်းကနေ ထွက်ခွာလာတဲ့ အင်အား ၃၀ ပါ စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်၊ ရွာသာကျေးရွာကို ရောက်ရှိလာပြီး ရွာခံတွေကို အထက်ပါအတိုင်း လိုက်လံပြောဆိုနေတာလို့ ဆိုပါတယ်။
“ **က စည်းရုံးနေတာ။ ရွာသာ(ရွာ)က အလှူ၊မင်္ဂလာဆောင်တွေကို လုပ်ခိုင်းတာ၊ ပုံမှန်တိုင်း လုပ်ကြတဲ့။ ဘာမှမလုပ်ဘူးတဲ့၊ မင်္ဂလာဆောင်တောင် ကူတယ်တဲ့။ ပြေး(စစ်ဘေးရှောင်)တဲ့အိမ်တွေကို သော့တွေဖျက်ခိုင်းတာ” လို့ ဆားလင်းကြီးဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
ယခင်က ကြေးနီးစီမံကိန်းအနီးတဝိုက်ကျေးရွာတွေကို စစ်ကြောင်းထိုးလာပါက ရွာခံတွေကို သတ်ဖြတ်တာနဲ့ နေအိမ်တွေကို မီးရှို့တာတွေလုပ်ဆောင်လေ့ရှိတဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေဟာ ယခုတကြိမ်စစ်ကြောင်းထိုးရာမှာ မီးရှို့သတ်ဖြတ်တာတွေလုပ်ဆောင်တာမရှိသေးဘဲ ရွာခံတွေကို စည်းရုံးရေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ကြောင်းဟာ ဧပြီ ၁၁ ရက် ယမန်နေ့ညပိုင်းမှာ ထန်းတောကြီးကျေးရွာကို ဝင်ရောက်လာပြီး ဝင်ရောက်ချိန်မှာ ရွာခံတွေကို ထွက်ပြေးတာတွေမလုပ်ဆောင်ဖို့ ပြောဆိုတယ်လို့ ထန်းတောကြီးရွာခံတဦးကလည်း ပြောပါတယ်။
“ထန်းတောကြီးမှာ မနေ့ညနေတုန်းက အရက်ဝယ်ပြီး ပြန်သွားကြတာ။ (ရွာသားတွေကို) မပြေးခိုင်းဖို့ ပြောတယ်။ တွေ့တဲ့လူတွေကို ဘာမှမလုပ်ဘူး။ အရက်ဆိုင်ဘယ်နားရှိလဲပဲ မေးသွားတယ်” လို့ သူက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ဧပြီ ၁၂ ရက်ဒီကနေ့အထိ ရွာသာကျေးရွာမှာ အထိုင်ချနေပြီး ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ အင်အားတွေထပ်မံဖြည့်တင်းထားကာ လက်ရှိမှာ အင်အား ၁၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ ရွာခံတွေထံက သိရပါတယ်။
ယင်းမာပင်-ဆားလင်းကြီးမြို့နယ်စပ်က ကျေးရွာနေပြည်သူတွေဟာ ၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ကာ တရုတ်ကြေးနီစီမံကိန်းစက်ရုံတွေအတွင်း လုပ်ငန်းခွင်တွေမှာ ပြန်လည်ဝင်ရောက်နေကြပြီး အလုပ်သမားအများစုဟာ ကြေးနီစီမံကိန်းအနီး ကျေးရွာခံတွေဖြစ်တာကြောင့် စစ်ကော်မရှင်တပ်က ဒေသခံတွေကို ပြန် လည်စည်းရုံးရေးတွေ လုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့ ဝမ်ပေါင်ကုမ္ပဏီလုပ်သားဟောင်း ဆားလင်းကြီးဒေသခံတဦးက သုံးသပ်ပါတယ်။
“**ကလည်း စည်းရုံးရေးနဲ့ပဲ သွားနေတာ၊ အလုပ်ဝင်တဲ့သူတွေကလည်း ရွာကနေပြန်လိုက်သွားလိုက် လုပ်နေကြလည်း ရွာတွေက ဘာမှမလုပ်နိုင်ဘူး၊ **ရတဲ့ဝင်ငွေက မနည်းဘူး” လို့ သူက ပြောပါတယ်။
တရုတ်ကြေးနီစီမံကိန်းအနီး ဆားလင်းကြီးမြို့နယ်က ကျေးရွာတွေဟာ မကြာခဏစစ်ကြောင်းထိုးခံရလေ့ရှိပြီး စစ်ကြောင်းထိုးဝင်ရောက်လာချိန်တွေတိုင်းမှာလည်း စစ်ကော်မရှင်တပ်တွေက ရွာခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။