ဝါဇီငွေစက္ကူစက်ရုံနဲ့ အနီးရှိအထိုင်စခန်းတွေကို ကာကွယ်ရေးတပ်တွေတိုက်ခိုက်

0 1
0 1

မကွေး၊ ဇန်နဝါရီ ၂၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ ဝါဇီငွေစက္ကူစက်ရုံနဲ့ စက်ရုံအနီးရှိ စစ်ကောင်စီအထိုင်တပ်စခန်းတွေကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဇန်နဝါရီ ၁၉ ရက်မနက် ၆ နာရီခန့်ကနေ ၈ နာရီခန့်ထိ တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဆိပ်ဖြူမြို့နယ်အနီး ဝါဇီငွေစက္ကူစက်ရုံ၊ ချောင်းမကြီး‌ကျေးရွာက စစ်ကောင်စီအထိုင်တပ်စခန်း၊ ချိုက်ကျေးရွာ အထိုင်တပ်စခန်း၊ မြင်းဇကောကျေးရွာ အထိုင်တပ်စခန်း၊ ပခုက္ကူမြို့နယ် လယ်ကျင်းကျေးရွာအနီးက ဇီးပင်ဂိတ်နဲ့တောဂေါင်းဂိတ်တို့ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကောင်စီအထိုင်တပ်စခန်း ဂိတ်နဲ့ဝါစီစက်ရုံကို အဓိကတိုက်ခိုက်ရတာက အာဏာသိမ်းစစ်ကောင်စီ မင်းအောင်လှိုင်အလိုကျ ဝါဇီစက်ရုံကနေ ငွေကြေးဖောင်းပွမှုတွေဖြစ်‌အောင် ပိုက်ဆံတွေအဆမတန် ရိုက်ထုတ်နေတာကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရတာ။”လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲ့ဒီနေရာတွေကို ဒရုန်းဗုံးသီး ၂၆ လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် Rocket ၁၇ လုံး၊ ၈၀ မမ ၆ လုံး၊ ၆၀ မမ ၆ လုံးနဲ့ပါ ၂ နာရီအကြာ တပြိုက်နက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“လက်ရှိကျနော်တို့ ကနဦးသတင်းရတာတော့ ဝါဇီစက်ရုံထဲမှာရှိတဲ့ အဆောက်အဦတွေ ထိမှန်ပျက်စီးတယ်၊ အထိုင်တပ်စခန်းတွေ ဒရုန်းနဲ့ဗုံးကြဲချတာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိအခိုက်ရှိပြီး သေဆုံးမှုလည်းရှိတယ်၊ အရေအတွက်တော့အတိအကျမသိရသေးဘူး။”လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၃ NSP၊ မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့၊ သိမ်းငှက်နက်ဆိပ်ဖြူ တော်လှန်ရေးတပ်ဦး B.H.S.R.F၊ ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်း တပ်ခွဲ ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့နေ့ကစလို့ ဝါဇီစက်ရုံထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညတိုင်းနီးပါး လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်တွေကိုပစ်ခတ်မှုတွေလုပ်နေတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။