11 July 2026 2:04 AM

ပွင့်လင်းရွာတိုက်ပွဲမှာ အရာရှိ ၂ ဦးသေ၊ ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်ဟုဆို

0 1
0 1

မကွေး၊ ဇန်နဝါရီ ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့၊ ပွင့်လင်းကျေးရွာကိုစစ်ကြောင်းထိုးကာ နေအိမ် ၂ လုံး မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၂၃ ရက်က ပွင့်လင်းကျေးရွာထွက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) အဖွဲ့ဆီက သိရပါတယ်။

ဝါဇီတပ်က အင်အား ၆၀ ပါ စစ်ကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီ ၂၃ ရက် မနက် ၄ နာရီလောက်မှာ ချောက်မြို့နယ်၊ ပွင့်လင်းရွာကို ဖောကားအကြီး၊ အသေး ၂ စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့် နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။

နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖောကား ၂ စီးထဲက နောက်မှာကျန်ခဲ့တဲ့ အင်အား ၄၀ ဝန်းကျင်ပါ ဖောကားအကြီးကို မနက် ၇ နာရီလောက်မှာ ပွင့်လင်းရွာအထွက်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၂ နာရီဝန်းကျင်ကြာခဲ့ကာ အရာရှိ ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ Chauk Guerrilla Force(C.G.F) ဒုတာဝန်ခံ ဖြိုးထက်နိုင်က ပြောပါတယ်။

“သူတို့‌ဖောကားပေါ်ကို နာနတ်သီး ၁ လုံးပစ်ထည့်ခဲ့တာ။ရှေ့ကကားကိုတော့ ပစ်မထည့်ဘူး။ နောက်ကလာတဲ့ ဖောကား ၁ စီးပေါ်ကို နာနတ်သီးပစ်ထည့်တာမှာ ပေါက်ကွဲတာ။ တော်တော်ပြင်းထန်လိုက်တယ်ပေါ့နော်။ သူတို့ဘက်ကလည်း ပစ်ခတ်မှုတွေရှိတယ်။ ကျနော်တို့ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်။ ဖောကား ၂ စီးနဲ့ပြန်လာတာ။ ကျနော်တို့သိရတာက ဝါဇီတပ်က စစ်သားတွေပါ။ သေသွားတဲ့ဗိုလ်ကလည်း ဝါဇီတပ်က ဗိုလ်လို့သိရတယ်။ စစ်တပ်ကအ‌ရာရှိ ၂ ဦးက သေဆုံးတဲ့အထဲမှာပါတယ်လို့သိရပါတယ်။ နောက်ပြီးတော့ ၁၅ ယောက်ထက်မနည်း စစ်ကောင်စီတပ်သားတွေက ထိခိုက်သေဆုံးနိုင်တယ်”လို့ ဖြိုးထက်နိုင်က ပြောပါတယ်။

အပြန်အလှန်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အရှေ့ကဖောကားတစီးက ပြန်လည်ရောက်ရှိလာပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ရာ လက်နက်အင်အားမမျှတာကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖောကား ၂ စီးနဲ့ ချောင်းပိုက်ရွာကို ဆုတ်ခွါသွားပြီး အဲ့ဒီကမှတဆင့် စလေမြို့ဘက်ကို မောင်းနှင်သွားတယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Chauk Guerrilla Force(C.G.F)၊ ချောက်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ မကွေးခရိုင် တပ်ရင်း ၁၊ မကွေးခရိုင် တပ်ရင်း ၂၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ချောက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း ချောက်မြို့နယ် ထိန်စမ်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Chauk Guerrilla Force(C.G.F) အဖွဲ့က ချောက်မြို့နယ် ကုန်းကြီးကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။