မင်းဘူး၊ အောက်တိုဘာ ၁၄၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ဖြူကုန်းကျေးရွာမှာ ၅ သိန်းတန် နားကပ်တရံကြောင့် ၇ နှစ်အရွယ် ကလေးငယ်ကို သတ်ဖြတ်ပြီး အလောင်းဖျောက်ထားကာ ကျူးလွန်သူလို့ ယူဆသူက စစ်ပြေးဖြစ်တယ်လို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၇ နာရီကျော်ခန့်က မင်းဘူးမြို့နယ်၊ ကူကျေးရွာကနေ ဖြူကုန်းကျေးရွာကို ကျောင်းသွားတက်ရတဲ့ G-2 (နှစ်တန်း)ကျောင်းသူ အသက် ၇ နှစ် အရွယ် မခက်သဒ္ဒါလင်းဟာ ကျောင်းကိုသွားစဥ် ပျောက်ဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
ကလေးငယ် ပျောက်ဆုံးပြီး ၅ ရက်အကြာမှာ ဖြူကုန်းကျေးရွာနဲ့ ၂ မိုင်ခန့်အကွာက ချင်းကုန်းကျေးရွာအနီး ရေချောင်းအတွင်းမှာ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက ဆာလာအိတ်ထဲမှာ ခြေလက်တွေ ကြိုးတုပ်ခံထားပြီး ပါးစပ်ကို အဝတ်နဲ့ပိတ်လျက် သေဆုံးနေတဲ့ မခက်သဒ္ဒါလင်းရဲ့ အလောင်းကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ကလေးငယ်သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့တွေက လိုက်လံစုံစမ်းချိန် ဖြူကုန်းကျေးရွာ စာသင်ကျောင်းအနီးမှာနေတဲ့ ပြည့်သူ့စစ်ကနေ ထွက်ပြေးလာသူ (စစ်ပြေး) အောင်လင်းထွန်းက အဲ့ဒီနေ့ မနက်ပိုင်းမှာ ကြာပန်းခူးမယ်ဆိုပြီး ကလေးငယ်ကို ခေါ်ဆောင်သွားတာလို့ စုံးစမ်းသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ကလေးငယ်ကို သတ်ဖြတ်ပြီး နားကပ်ယူသွားသူလို့ သံသယရှိသူ အောင်လင်းထွန်းအပါအဝင် သူဇနီးနဲ့ သားဖြစ်သူတို့ဟာ ကလေးငယ်ပျောက်ဆုံးသွားတဲ့ မနက်ပိုင်းကတည်းက ကျေးရွာကနေ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
“ကလေးက အသတ်ခံရတာ ဟုတ်တယ်။ အဓိက နားကပ်လိုချင်လို့ သတ်တာဖြစ်တယ်။ တရားခံလို့ ယူဆရသူကိုတော့ ရှောင်နေလို့ လိုက်လံစုံစမ်းနေပါတယ်။ သူကတော့ ပစ ကနေ ထွက်ပြေးလာတဲ့သူပါ။ သံသယရှိတာက သူတို့ပါ။”လို့ ဖြစ်စဥ်ကို သိထားသူ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
လူသတ်မှုနဲ့ သံသယရှိသူ အောင်လင်းထွန်းကို ဖမ်းမိနိုင်ရေး မင်းဘူးခရိုင်တပ်ရင်း ၆ တာဝန်ရှိသူတွေက နေရာအနှံ့ လိုက်လံစုံစမ်းရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အောင်လင်းထွန်းဟာ ပြည်သူစစ်မှုထမ်းဆင်း တပ်သား ၁ ဦးဖြစ်ပြီး စစ်တပ်မှာ ဆက်လက်နေထိုင်လိုစိတ်မရှိတာကြောင့် ၂၀၂၆ ဧပြီလ လောက်ကတည်းက ထွက်ပြေးလားပြီး ဖြူကုန်းကျေးရွာမှာ လာရောက်နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။